ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) အရာရှိကြီးများအစည်းအဝေးကို မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပ

(၂၅-၂-၂၀၂၆ ရက်၊ နေပြည်တော်)

ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) အရာရှိကြီးများအစည်းအဝေးကို ၂၅-၂-၂၀၂၆ ရက်တွင် video conference ဖြင့် မြန်မာနိုင်ငံက ဦးဆောင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ACMECS ဆိုင်ရာ မြန်မာအရာရှိကြီး ဒေါ်အေးသီတာမျိုးက အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးသို့ ACMECS အဖွဲ့ဝင်နိုင်ငံများမှ ACMECS ဆိုင်ရာ အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၊ ACMECS မဏ္ဍိုင် (၃) ရပ်၏ ပူးပေါင်းညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် ACMECS ပင်မစီမံချက် (၂၀၁၉-၂၀၂၃) အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး ပင်မစီမံချက်အသစ် ရေးဆွဲရေး၊ ACMECS ယာယီအတွင်းရေးမှူးရုံး၏ အခန်းကဏ္ဍနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံသည် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ACMECS အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး (၁၁) ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးကို ယခုနှစ်အတွင်း ကျင်းပသွားရန်ရှိကြောင်း သိရှိရပါသည်။