အီသီယိုပီးယားနိုင်ငံ၏ အမျိုးသားအဆင့် ညီလာခံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာ သံအမတ်ကြီး တက်ရောက် (၁၅-၇-၂၀၂၆၊ အဒစ်အဘာဘာ)

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် ၁၅-၇-၂၀၂၆ ရက်တွင် အီသီယိုပီးယားနိုင်ငံ၊ အဒစ်အဘာဘာမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အီသီယိုပီးယားနိုင်ငံ၏ အမျိုးသားအဆင့် ညီလာခံဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ ညီလာခံဆွေးနွေးပွဲသည် အီသီယိုပီးယားနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ညီညွတ်ရေးဖော်ဆောင်နိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပနေခြင်းဖြစ်ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် အီသီယိုပီးယားဝန်ကြီးချုပ် Abiy Ahmed က မိန့်ခွန်းပြောကြားရာ၌ ညီလာခံသည် ပဋိပက္ခများကို အဆုံးသတ်နိုင်မည့် အခွင့်အရေးဖြစ်ကြောင်း၊ သာမန်နိုင်ငံရေး ဆွေးနွေးပွဲမဟုတ်ဘဲ ပြည်သူများပါဝင်သည့် အောက်ခြေအဆင့်မှစတင်၍ ဖွဲ့စည်းထားသော ဆွေးနွေးပွဲဖြစ်ကြောင်း၊ ပြည်တွင်းစည်းလုံးမှုသည် နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်မှု၊ အချုပ်အခြာအာဏာတို့နှင့် ဆက်စပ်နေကြောင်း၊ ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ဆုံးဖြတ်ချက်များသည် အီသီယိုပီးယားနိုင်ငံအတွက် လမ်းပြမြေပုံအသစ်အဖြစ် ဦးတည်သွားနိုင်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲကော်မရှင်၏ သဘာပတိချုပ်က မိန့်ခွန်းပြောကြားရာတွင် မတူကွဲပြားမှုများနှင့်အတူ အားလုံးသဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်နိုင်မည့် စနစ်တစ်ခု တည်ဆောက်ရန် အတွက် ညှိနှိုင်းဆွေးနွေးကြရန်၊ အကြမ်းဖက်မှုကို ဖယ်ရှား၍ ယုံကြည်မှုဖြင့် ဆွေးနွေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ အဆိုပါ ညီလာခံဆွေးနွေးပွဲကို ရက်ပေါင်း ၃၀ ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ညီလာခံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ အီသီယိုပီးယားနိုင်ငံဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အဒစ်အဘာဘာမြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အီသီယိုပီးယားနိုင်ငံ၏ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ၊ လူမျိုးစုကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များ စုစုပေါင်း ၄၀၀၀၀ ခန့်လည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။