၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက်တွင် ကျရောက်သည့် အာဆီယံအဖွဲ့ ဖွဲ့စည်းတည်ထောင်သည့် (၅၉) နှစ်မြောက်အထိမ်းအမှတ်အဖြစ် အီသီယိုပီးယားနိုင်ငံ၊ အဒစ်အဘာဘာမြို့ရှိ မြန်မာသံရုံး၊ အင်ဒိုနီးရှားသံရုံးနှင့် မလေးရှားသံရုံးတို့ ပူးပေါင်း၍ အာဆီယံနေ့အခမ်းအနားကို ၁၀-၈-၂၀၂၆ ရက်၊ ညနေ ၁၈၀၀ နာရီတွင် အဒစ်အဘာဘာမြို့ရှိ မလေးရှားသံရုံး၌ ကျင်းပခဲ့ရာ အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးနှင့် သံရုံးဝန်ထမ်းများ ပါဝင် တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အီသီယိုပီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အလယ်ပိုင်း၊ အာရှနှင့် ပစိဖိတ်ရေးရာဌာန၏ ညွှန်ကြားရေးမှူးချုပ် Ambassador Dawano Kedirm က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး အီသီယိုပီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အဒစ်အဘာဘာမြို့အခြေစိုက် သံအမတ်ကြီးများ၊ သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား၌ အာဆီယံအဖွဲ့ဝင် သံရုံးများမှ ရိုးရာအစားအစာများဖြင့် ဧည့်ခံခဲ့ရာ မြန်မာသံရုံးကလည်း မြန်မာရိုးရာအစားအစာများဖြင့် ပါဝင်တည်ခင်းဧည့်ခံခဲ့ပါသည်။ ယခုကျင်းပသည့် အခမ်း အနားသည် အီသီယိုပီးယားနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသည့် အာဆီယံနေ့ အထိမ်းအမှတ် အခမ်းအနား ဖြစ်ပါသည်။



