အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက October 6 University တွင် ပြုလုပ်သည့် ASEAN Lecture Series သို့တက်ရောက်၍ အာဆီယံအကြောင်း ရှင်းလင်းပြောကြား 

(၂၉-၉-၂၀၂၅ ရက်၊ ကိုင်ရို)

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် ၂၉-၉-၂၀၂၅ ရက်နေ့တွင် October 6 University ၊ စီးပွားရေးနှင့် စီမံခန့်ခွဲရေးဌာန၌ ပြုလုပ်သည့် 6th ASEAN Lecture Series သို့ အာဆီယံ (၉) နိုင်ငံမှ သံရုံးအကြီးအကဲများ၊ သံရုံးဒုတိယအကြီးအကဲများနှင့် အတူ တက်ရောက်ခဲ့ပြီး အာဆီယံ-ကိုင်ရိုကော်မတီဥက္ကဌအနေဖြင့် အာဆီယံအကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

ASEAN Lecture Series အား အီဂျစ်နိုင်ငံတက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသားများ အာဆီယံအကြောင်းသိရှိမှု မြှင့်တင်ပေးရန်နှင့် အီဂျစ်နိုင်ငံနှင့် အာဆီယံ တက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်မှု အလားအလာများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ October 6 University မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အကြီးအကဲများ၊ စီးပွားရေးနှင့် စီမံခန့်ခွဲရေးဌာနမှ အကြီးအကဲနှင့် ပါမောက္ခများ၊ ဆရာ/ ဆရာမ များနှင့် ကျောင်းသား ၁၀၀ ခန့် တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲကို အပိုင်း (၂) ပိုင်းခွဲ၍ ကျင်းပခဲ့ပြီး ပထမအပိုင်းသည် အာဆီယံ (၉) နိုင်ငံမှ သံရုံးအကြီးအကဲများ၊ ဒုတိယအကြီးအကဲများနှင့် October 6 University မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အကြီးအကဲများ သီးသန့်တွေ့ဆုံခြင်းဖြစ်ပြီး တက္ကသိုလ်ဥက္ကဋ္ဌနှင့် အာဆီယံ-ကိုင်ရို ကော်မတီဥက္ကဋ္ဌ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်တို့က အဖွင့်အမှာစကားပြောကြားခြင်း၊ October 6 University ၏ အကြောင်းအား တက္ကသိုလ်ဥက္ကဋ္ဌက ရှင်းလင်းတင်ပြခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။

ဒုတိယအပိုင်းသည် စီးပွားရေးနှင့် စီမံခန့်ခွဲရေးဌာန ကျောင်းသားများနှင့် တွေ့ဆုံခြင်းဖြစ်ပြီး တက္ကသိုလ်၏ဒုတိယဥက္ကဌ အဖွင့်အမှာစကားပြောကြားခြင်း၊ အာဆီယံ-ကိုင်ရိုကော်မတီ၏ လက်ရှိ ဥက္ကဌ မြန်မာသံအမတ်ကြီးက အာဆီယံနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းနှင့် တက်ရောက်လာသူများအကြား အပြန်အလှန်ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။