(၂၀-၁၀-၂၀၂၂ ရက်၊ ကိုင်ရို)
အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင် သည် (၂၀-၁၀-၂၀၂၂)ရက်နေ့၊ နံနက်ပိုင်းတွင် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဆိုင်ရာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း၌ အာဆီယံ-ကိုင်ရိုကော်မတီ၏ သီခြားအစီအစဉ်တစ်ရပ်အဖြစ် ကျင်းပပြုလုပ်သည့် အာဆီယံသံအမတ်ကြီးများနှင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဆိုင်ရာ လေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း၌ သင်တန်းတက်ရောက်နေကြသော သင်တန်းသားများနှင့် တွေ့ဆုံပွဲအစီအစဉ်သို့ ကိုင်ရိုအခြေစိုက် အာဆီယံသံအမတ်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၊ Ambassador Ayman Kamel၊ အာရှရေးရာဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Ambassador Hazem El Tahry၊ သံတမန်သင်တန်းကျောင်း အကြီးအကဲ Ambassador Walid Haggag၊ အာဆီယံသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံရုံး ဒုတိယအကြီးအကဲများ နှင့် သင်တန်းတက်ရောက်နေကြသည့် သင်တန်းသားအရာရှိငယ် (၂၆)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၊ Ambassador Ayman Kamel မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အာဆီယံသံအမတ်ကြီးများက အာဆီယံအဖွဲ့အား စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း၊ ရည်ရွယ်ချက်များ၊ မျှော်မှန်းချက်များ၊ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်နေမှုများ၊ မျက်မှောက်ကာလ အာဆီယံ၏ ဗဟိုချက်မကျမှု(ASEAN Centrality) အခြေအနေတို့နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည့်အပြင် အီဂျစ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများတို့နှင့်စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။













