(၁၆-၉-၂၀၂၂ ရက်၊ ကိုင်ရို)
အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၁၁-၉-၂၀၂၂) ရက်နေ့မှ (၁၃-၉-၂၀၂၂) ရက်နေ့အထိ ကိုင်ရိုမြို့ Intercontinental Citystars Hotel ၌ အီဂျစ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှု၊ ပတ်ဝန်းကျင်ဝန်ကြီးဌာန၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အာရပ်ရေအရင်းအမြစ် ကောင်စီ (Arab Water Council-AWC) က စီစဉ်ကျင်းပသည့် “Environment and Development Forum (EDF)-2022” သို့ တက်ရောက်ခဲ့ပါသည်။
ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး H.E. Sameh Shoukry ၊ ရေအရင်းအမြစ် နှင့် ဆည်မြောင်း ဝန်ကြီး H.E. Dr. Hani Sewilam ၊ အာရပ်ရေအရင်းအမြစ်ကောင်စီဥက္ကဋ္ဌ H.E. Dr. Mahmoud Abu-Zeid၊ အာရပ် နိုင်ငံများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး H.E. Ahmed Aboul Gheit ၊ အီဂျစ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ် Ms. Elena Panova ၊ အီဂျစ်နိုင်ငံ၏ COP27 ဆိုင်ရာအဆင့်မြင့်ကျွမ်းကျင်သူ Dr. Mahmoud Mohieldin တို့က တက်ရောက်၍ အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ပြီး အမေရိက၊ ဥရောပ၊ အာဖရိက၊ အရှေ့အလယ် ပိုင်း နှင့် အာရပ်ဒေသနိုင်ငံ အများစုတို့ ပါဝင်သော နိုင်ငံပေါင်း (၂၉)နိုင်ငံကျော်မှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ အထူးအေဂျင်စီများ၊ လူမူရေးအဖွဲ့အစည်းများ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ စုစုပေါင်း (၇၅၀) ဦးခန့် ပါဝင် တက်ရောက်ခဲ့ကြပါသည်။
EDF-2022 တွင် စားနပ်ရိက္ခာနှင့်ရေဖူလုံရေး၊ သန့်ရှင်းသောပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှု၊ ဂေဟစနစ်ထိန်းသိမ်းရေးနှင့်ကာကွယ်ရေး၊ ဓာတ်ငွေ့ထုတ်လွှတ်မှုထိန်းချုပ်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲ သော သယ်ယူပို့ဆောင်ရေးအစရှိသည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ၊ ရာသီတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေးဆိုင်ရာ ဆောင်ရွက်ချက်များတို့အပေါ် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများအကြား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။






