အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အာဆီယံ-ကိုင်ရို ကော်မတီအစည်းအဝေးသို့ တက်ရောက်၊ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းလက်ခံ (၃၀-၆-၂၀၂၅ ရက်)

(၃၀-၆-၂၀၂၅ ရက်၊ ကိုင်ရို) 

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် ၃၀-၆-၂၀၂၅ ရက်နေ့ နံနက် ၁၁၀၀ နာရီတွင် ကိုင်ရိုမြို့၊ ဖိလစ်ပိုင်သံရုံးတွင် ကျင်းပပြုလုပ်သည့် ၂၇၉ ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ၏ သံရုံးအကြီးအကဲများအဆင့် အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ 

အစည်းအဝေးအား အာဆီယံ-ကိုင်ရိုကော်မတီ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံ၊ သံအမတ်ကြီးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ကိုင်ရိုမြို့ရှိ အာဆီယံ (၉) နိုင်ငံမှ သံအမတ်ကြီးများ၊ သံရုံးဒုတိယအကြီးအကဲများနှင့် ကော်မတီလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေး၌ အာဆီယံ-ကိုင်ရိုကော်မတီ၏ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းစဉ်များအပေါ် ပြန်လည်သုံးသပ်ခဲ့ကြပြီး အီဂျစ်နိုင်ငံတွင် အာဆီယံ၏အခန်းကဏ္ဍနှင့် အာဆီယံအကြောင်းသိရှိမှု မြှင့်တင်နိုင်ရေး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအပေါ် ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးပြီးနောက် မြန်မာသံအမတ်ကြီးက အလှည့်ကျဥက္ကဋ္ဌတာဝန်အား မလေးရှား သံအမတ်ကြီးထံမှ လွှဲပြောင်းလက်ခံခဲ့ပါသည်။ မြန်မာသံရုံး၊ ကိုင်ရိုမြို့အနေဖြင့် အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ဒီဇင်ဘာလအထိ တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 

အစည်းအဝေးပြီးနောက် ဖိလစ်ပိုင်သံအမတ်ကြီးက တက်ရောက်လာကြသည့် အာဆီယံ သံအမတ်ကြီးများကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။ 

****************