အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး က  အီဂျစ်အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့် အာရှဒေသမှ သံမတ်ကြီးများ တွေ့ဆုံပွဲသို့ ပါဝင်တက်ရောက်(၃-၅-၂၀၂၃ ရက်)

(၃-၅-၂၀၂၃ ရက်၊ ကိုင်ရို)

ကိုင်ရိုမြို့အခြေစိုက် ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Hong Jin-Wook က အီဂျစ် အောက်လွှတ်တော်၊ နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဌ H.E. Karim Darwish ၊ အာရှရေးရာဌာနမှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Ambassador Aymen Kamel  တို့နှင့် အာရှဒေသဆိုင်ရာ သံအမတ်ကြီးများ အဖွဲ့ (Asia Ambassadors Group-AAG) တို့အကြား တွေ့ဆုံပွဲကို ၂၀၂၃ ခုနှစ်၊ မေလ (၃) ရက်တွင် ၎င်း၏ နေအိမ်၌ပြုလုပ်ခဲ့ရာ၊ မြန်မာသံအမတ်ကြီး ဦးမြင့်လွင် သည် အာရှဒေသမှ သံအမတ်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် အီဂျစ်အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တို့က ယူကရိန်းစစ်ပွဲနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်စဉ်တို့သည် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အခင်းအကျင်းတို့အပေါ် များစွာအကျိုးသက်ရောက်စေခဲ့မှုနှင့်အတူ အီဂျစ်နိုင်ငံသည်လည်း ၎င်း၏ နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်သော သံခင်းတမန်ခင်းနှင့် နိုင်ငံခြားရေးမူဝါဒ တို့ကို ခေတ်ကာလနှင့်အညီ ပြန်လည်သုံးသပ်ခဲ့မှု၊ အထူးသဖြင့် အာရှနိုင်ငံများနှင့် နိုင်ငံအလိုက် နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်သွားရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးမှတစ်ဆင့် နှစ်နိုင်ငံ လွှတ်တော် တို့အကြား ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်တည်ထောင်သွားရန် ဆန္ဒရှိမှု တို့ကို ထုတ်ဖော်ပြောကြားခဲ့ပြီး၊ သံအမတ်ကြီးများမှ သိရှိမေးမြန်းလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ 

ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးက ဧည့်သည်တော်များကို ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး၊  မှတ်တမ်းဓာတ်ပုံရိုက်ကူးကာ တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

တွေ့ဆုံပွဲ အခမ်းအနားသို့ AAG အလှည့်ကျ ဥက္ကဋ္ဌ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ ဩစတြေးလျ၊ နယူးဇီလန်၊ တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ နီပေါ၊ ဂျပန်၊ မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတို့မှ သံအမတ်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။