(၁၅-၉-၂၀၂၆၊ ကိုင်ရို)
အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် ၁၃-၉-၂၀၂၆ ရက်နေ့ ညနေ ၀၆၀၀ နာရီတွင် ကိုင်ရိုမြို့ Four Seasons ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် (၂၈၆) ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ၏ သံရုံးအကြီးအကဲများ အဆင့်အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးအား အာဆီယံ-ကိုင်ရိုကော်မတီ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၊ သံအမတ်ကြီးက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး ကိုင်ရိုမြို့ရှိ အာဆီယံ (၉) နိုင်ငံမှ သံအမတ်ကြီးများနှင့် ကော်မတီလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေး၌ အာဆီယံ-ကိုင်ရိုကော်မတီ၏ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းစဉ် များအပေါ် ပြန်လည်သုံးသပ်ခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် အစည်းအဝေးတက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများက အီဂျစ်နိုင်ငံနှင့် မိမိတို့နိုင်ငံများအကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်တိုးတက်နေမှုများကို အသီးသီး မျှဝေဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးပြီးနောက် အာဆီယံ-ကိုင်ရိုကော်မတီ၏ ၂၀၂၆ လုပ်ငန်းအစီအစဉ်တွင် မြန်မာသံရုံးက အဆိုပြုထားသည့် အီဂျစ်နိုင်ငံ၏ အစိုးရဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမှု အစီအစဉ်အရ မြန်မာသံရုံး၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် အာဆီယံသံအမတ်ကြီးများသည် အထူးဧည့်သည်တော်အဖြစ် အီဂျစ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့် မြေယာပြုပြင်ပြောင်းလဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနစင်တာ၏ ဒုတိယဥက္ကဋ္ဌနှင့် နိုင်ငံတကာဆက်ဆံရေးနှင့် သဘောတူညီချက်များဌာန၏ အကြီးအကဲဖြစ်သူ Prof. Dr. Saad Moussa ၊ အပင်ရောဂါပိုးမွှားကာကွယ်ရေး ဗဟိုဦးစီးဌာနမှ ဌာနအကြီးအကဲ Dr. Mohamed Elmansy နှင့် အာရှပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် သဘောတူညီချက်များဌာန၏ ညွှန်ကြားရေးမှူး Ms. Marwa Fouda တို့နှင့်အတူ ကမ္ဘောဒီးယားသံရုံးမှ ဧည့်ခံသော အလုပ်သဘောညစာစားပွဲကို ပြုလုပ်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အီဂျစ်နိုင်ငံအကြား စိုက်ပျိုးရေးကဏ္ဍတွင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလာများနှင့် အတွေ့အကြုံများ ဖလှယ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။



