အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန် ၂၈၅ ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီအစည်းအဝေးသို့ တက်ရောက်(၂၅-၆-၂၀၂၆၊ ကိုင်ရို)

အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် ၂၅-၆-၂၀၂၆ ရက်နေ့ နံနက် ၁၁၀၀ နာရီတွင် ကိုင်ရိုမြို့သစ်၊ Triumph Luxury Hotel တွင် ကျင်းပပြုလုပ်သည့် ၂၈၅ ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ၏ သံရုံးအကြီးအကဲများ အဆင့်အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးအား အာဆီယံ-ကိုင်ရိုကော်မတီ အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံ၊ သံအမတ်ကြီးက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး ကိုင်ရိုမြို့ရှိ အာဆီယံ (၉) နိုင်ငံမှ သံအမတ်ကြီးများနှင့် ကော်မတီလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေး၌ အာဆီယံ-ကိုင်ရိုကော်မတီ၏ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းစဉ် များအပေါ် ပြန်လည်သုံးသပ်ခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ဆက်လက်ဆွေးနွေးခဲ့ရာ မြန်မာသံအမတ်ကြီးက မြန်မာသံရုံးမှ ဦးစီးဆောင်ရွက်မည့် 8th ASEAN Lecture Series နှင့်ပတ်သက်၍လည်းကောင်း၊ အီဂျစ်စိုက်ပျိုးရေးနှင့် မြေယာပြုပြင် ပြောင်းလဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူနှင့် တွေ့ဆုံဆွေးနွေးရန်လျာထားသည့် ကိစ္စနှင့်ပတ်သက်၍လည်းကောင်း စီစဉ်နေမှုများအား ဆွေးနွေးခဲ့ပါသည်။ ထို့နောက် အာဆီယံ-ကိုင်ရိုကော်မတီ အဖွဲ့ဝင်နိုင်ငံများက အီဂျစ်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး ဖြစ်ပေါ် တိုးတက်မှုများကို အသီးသီးမျှဝေခဲ့ကြပါသည်။
အစည်းအဝေးပြီးနောက် ဘရူနိုင်းသံရုံးက အာဆီယံ-ကိုင်ရိုကော်မတီ သံအမတ်ကြီးများနှင့် တက်ရောက်လာကြသူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။