(၁၉-၃-၂၀၂၃ ရက်၊ ကိုင်ရို)
အာဆီယံ၏ပုံရိပ်ကိုမြှင့်တင်နိုင်စေရန်နှင့် အာဆီယံနှင့်ပတ်သက်ပြီး အီဂျစ်နိုင်ငံရှိ ပြည်သူများမှ ပိုမိုကျယ်ပြန့်စွာ သိရှိလာစေရန် အာဆီယံကော်မတီ၊ ကိုင်ရိုမြို့၏ လှုပ်ရှားဆောင်ရွက်မှုအစီအစဉ် တစ်ရပ်အဖြစ် ကိုင်ရိုမြို့အခြေစိုက် အာဆီယံသံအမတ်ကြီးများနှင့် ကိုင်ရိုမြို့ရှိ အမေရိကန်တက္ကသိုလ်တွင် ပညာသင်ကြားနေသည့်ကျောင်းသားများ (undergraduate students) တို့အကြား အာဆီယံအကြောင်း သိကောင်းစရာများကို အပြန်အလှန် ရှင်းလင်းဆွေးနွေးသည့် အစီအစဉ်တစ်ရပ်ကို ၁၉-၃-၂၀၂၃ ရက်တွင် ကိုင်ရိုမြို့၊ အမေရိကန်တက္ကသိုလ် ကျောင်းဝင်းအတွင်းရှိ Mary Cross သင်တန်းခန်းမ၌ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ တက္ကသိုလ်မှ ကျောင်းအုပ်ကြီး Ehab Abdel-Rahman က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး၊ အာဆီယံနိုင်ငံများ၏ နိုင်ငံအလိုက် အချက်အလက်များ၊ အာဆီယံအဖွဲ့ကြီး၏ စုပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများအား စုစည်းထားသည့် video clip အား ပြသခဲ့ပါသည်။ ထို့နောက် အာဆီယံကော်မတီ၊ ကိုင်ရိုမြို့၏ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းသံအမတ်ကြီးက အာဆီယံအဖွဲ့ကြီး၏ နောက်ခံသမိုင်းအကျဉ်းနှင့်ပတ်သက်၍လည်းကောင်း၊ အင်ဒိုနီးရှား သံအမတ်ကြီးက အင်ဒိုနီးရှားနိုင်ငံမှ ၂၀၂၃ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မှုနှင့်စပ်လျဉ်း၍ လည်းကောင်း ပဏာမ ရှင်းလင်းပြောကြားခဲ့ကြပါသည်။
ယင်းနောက် အာဆီယံသံအမတ်ကြီးများက အာဆီယံအဖွဲ့ကြီးနှင့်ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ရာ၊ မြန်မာသံအမတ်ကြီး ဦးမြင့်လွင် က အာဆီယံအနေဖြင့် အာဆီယံ မဏ္ဍိုင်(၃)ရပ်၏ လမ်းပြမြေပုံများနှင့်အညီ ပေါင်းစည်းမှုရှိသည့် အာဆီယံအသိုက်အဝန်းတစ်ခုအဖြစ် ထူထောင်သွားနိုင်ရေးအတွက် အကောင်အထည်ဖော်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံ အနေဖြင့် တာဝန်သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၄)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ထူထောင်ရေးဆိုင်ရာ နေပြည်တော် ကြေညာ စာတမ်းကို ထုတ်ပြန်နိုင်ခဲ့မှု အခြေအနေများ၊ ASEAN Corner များကို အာဆီယံဆိုင်ရာ အသိပညာများ ပေးစွမ်းနိုင်သော သတင်းအချက်အလက်ဗဟိုဌာနအဖြစ် AUN-Inter Library Online မှတစ်ဆင့် ASEAN တက္ကသိုလ်များကွန်ရက်၏ အဆင့်မြင့်တက္ကသိုလ် စာကြည့်တိုက်များတွင် တည်ထောင်ထားရှိမှု အခြေအနေများ၊ ရန်ကုန်တက္ကသိုလ်၊ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်တွင် ASEAN Corner ကို ၂၀၂၂ ခုနှစ်အတွင်း ဖွင့်လှစ်နိုင်ခဲ့မှု အခြေအနေများ စသည်တို့နှင့်စပ်လျဉ်း၍ ပါဝင်ဆွေးနွေး ပြောကြားခဲ့ပါသည်။
ထို့နောက် အာဆီယံအဖွဲ့ကြီးနှင့်ပတ်သက်၍ ကျောင်းသားများ၏ မေးမြန်းချက်များကို အာဆီယံ သံအမတ်ကြီးများက ပြန်လည်ဖြေကြားပေးခဲ့ပြီး၊ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်၍ အစီအစဉ်အား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။






