(၃-၉-၂၀၂၃ ရက်၊ ကိုင်ရို)
အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးမြင့်လွင်သည် မြန်မာ-အီဂျစ်နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးအတွက် အီဂျစ်အစိုးရနှင့်ပြည်သူများသာမက ကမ္ဘာပေါ်ရှိအစ္စလာမ်ဘာသာဝင်နိုင်ငံများကပါ အလေးထားယုံကြည်လေးစားမှုကို ရရှိထားသည့် ကိုင်ရိုမြို့အခြေစိုက် အာရပ်ကမ္ဘာ၏အဆင့်အမြင့်ဆုံး အစ္စလာမ်မစ်ဘာသာရေးအဖွဲ့ အစည်းဖြစ်သည့် Al-Azhar ၏ ဒုတိယအကြီးအကဲဖြစ်သူ Dr. Muhammad Al-Doweiny အား ၃-၉-၂၀၂၃ ရက်နေ့၊ (၁၁၀၀) နာရီတွင် ၎င်း၏ရုံးခန်း၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် သံအမတ်ကြီးက Al-Azhar အဓိပတိ Grand Imam တို့၏ဦးဆောင်မှုဖြင့် ၂၀၁၇ ခုနှစ်တွင် Al-Azhar တက္ကသိုလ်၌ ပထမအကြိမ် မြန်မာ-အီဂျစ် လူငယ်ယဉ်ကျေးမှု နှီးနှောဖလှယ်မှုအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အောင်မြင်မှုများရရှိခဲ့သည့်အခြေအနေ၊ Al-Azhar တက္ကသိုလ်နှင့် မြန်မာသံရုံးတို့ပူးပေါင်းပြီး ဒုတိယအကြိမ် မြန်မာ-အီဂျစ် လူငယ်ယဉ်ကျေးမှုနှီးနှောဖလှယ်မှုအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်သွားနိုင်မည့် အခြေအနေ၊ Al-Azhar တက္ကသိုလ်မှ မြန်မာကျောင်းသားများအတွက် နှစ်စဉ်ပေးအပ်နေသည့် ပညာသင်ဆုအရေအတွက်အား ယခုထက်ပိုမိုတိုးမြှင့်ပေးနိုင်မည့် အခြေအနေတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ သံအမတ်ကြီးက နိုင်ငံတော်အစိုးရ၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးတို့အတွက် ဆောင်ရွက်နေမှုနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးနေသည့် အခြေအနေတို့နှင့်စပ်လျဉ်း၍ ဖြစ်ထွန်းတိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။




