(၂၇-၈-၂၀၂၃ ရက်၊ ကိုင်ရို)
မြန်မာသံရုံး၊ ကိုင်ရိုမြို့မှ သံအမတ်ကြီးဦးမြင့်လွင်သည် အီဂျစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာန၊ အာဆီယံနိုင်ငံများဆိုင်ရာတာဝန်ခံဖြစ်သူ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Ambassador Hazem El Tahry အား ၂၇-၈-၂၀၂၃ ရက်၊ (၁၃၀၀) နာရီတွင် ၎င်း၏ရုံးခန်းသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာသံအမတ်ကြီးက နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်နိုင်ရေးအတွက် အစိုးရချင်းသာမက ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာအရ အီဂျစ်အစိုးရက မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သင်တန်းသားများအား နှစ်စဉ်ပေးအပ်နေသည့် “ဝါဂွမ်းစိုက်ပျိုးထုတ်လုပ်ရေးသင်တန်းများ” အတွက် ပညာသင်ဆုများကို ဆက်လက်ပေးအပ်သွားနိုင်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာအရ မြန်မာနိုင်ငံအတွက် အာရေဗီဘာသာစကားပညာသင်ဆုများကို ယခင်အတိုင်း ဆက်လက်ပေးအပ်သွားနိုင်ရေးကိစ္စများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ပါသည်။
ထို့အပြင် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးနေသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲများကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ ပြည်နယ်/တိုင်းဒေသကြီးအချို့တွင် အကြမ်းသမားများက အကြမ်းဖက်ဆောင်ရွက်နေမှုကြောင့် ယင်းဒေသများတွင် တည်ငြိမ်၊ လုံခြုံ ၊ အေးချမ်းမှုရရှိစေရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့်လုပ်ဆောင်နေမှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ် အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ထွန်းတိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်း၍လည်း အခြေအနေမှန်တို့ကို အသိပေး ဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။


