(၂၈-၁-၂၀၂၆ ရက်၊ နယူးဒေလီ)
အိန္ဒိယသမ္မတနိုင်ငံ၏ (၇၇) ကြိမ်မြောက် အမျိုးသားနေ့အခမ်းအနားကို ၂၆-၁-၂၀၂၆ ရက်တွင် နယူးဒေလီမြို့၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦး တက်ရောက်ခဲ့ပါသည်။
အိန္ဒိယအမျိုးသားနေ့အခမ်းအနားတွင် အိန္ဒိယနိုင်ငံသမ္မတ ရှရီမာတီ ဒရောပါဒီမာမူ က မိန့်ခွန်းပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် အိန္ဒိယတပ်မတော်မှ စစ်သည်တော်များက ကာတစ်ဗ်ယာလမ်းတစ်လျှောက် ချီတက်စစ်ရေးပြခြင်း၊ လေကြောင်း ချီတက်ပြသခြင်း နှင့် စစ်လက်နက်ပစ္စည်းများ ပြသခြင်းတို့ဖြင့် အိန္ဒိယနိုင်ငံ၏ စစ်ရေးစွမ်းပကားကို ပြသခဲ့ပါသည်။ ထို့ပြင် နိုင်ငံ၏ အနုပညာယဉ်ကျေးမှုကို ဖော်ကျူးသည့် အကအလှများဖြင့် ယဉ်ကျေးမှုအဖွဲ့များက တင်ဆက်ကပြခဲ့ပြီး အစိုးရဝန်ကြီးဌာနများနှင့် ပြည်နယ်ကိုယ်စားပြု အဖွဲ့များမှလည်း ပါဝင်ချီတက်ပြသခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ အထူးဧည့်သည်တော်များအနေဖြင့် ဥရောပကောင်စီ ဥက္ကဋ္ဌ H.E. Mr. Antonio Costa နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ H.E. Mrs. Ursula von der Leyen တို့က တက်ရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ အဆင့်မြင့်အရာရှိကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ (၁၀,၀၀၀)ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြပါသည်။
အိန္ဒိယသမ္မတမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲအား ယင်းနေ့ ညနေပိုင်းတွင် သမ္မတအိမ်တော်၌ ကျင်းပခဲ့ရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးနှင့် ဇနီး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။



