အိန္ဒိယနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်

(၁၂-၁၀-၂၀၂၁ ရက် ၊ နယူးဒေလီ)

၁။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) ကူးစက်မှု တားဆီး ကာကွယ်ရေး စီမံချက်များကြောင့် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာနိုင်ခြင်း မရှိဘဲ အိန္ဒိယ နိုင်ငံတွင် ဆက်လက်နေထိုင်ရန် အခက်အခဲများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၂၁) ဦး သည် မြန်မာသံရုံး၊ နယူးဒေလီမြို့မှ စီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် နယူးဒေလီမြို့၊ အင်ဒီရာဂန္ဓီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့ ၁၂-၁၀-၂၀၂၁ ရက်၊ ဒေသစံတော်ချိန် မွန်းလွဲ (၁၅:၁၀) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာသွားခဲ့ပါသည်။

၂။ ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါကြမည့် မြန်မာနိုင်ငံသားများ လေဆိပ်တွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာသံရုံး၊ နယူးဒေလီမြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ သက်ဆိုင်ရာ လေဆိပ်တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များနှင့် ညှိနှိုင်း၍ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။