အိန္ဒိယနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် International Buddhist Confederation တို့ပူးပေါင်း၍ ၂၄-၁-၂၀၂၆ ရက်နေ့တွင် ကျင်းပသည့် 2nd Global Buddhist Summit (GBS) ဖွင့်ပွဲအခမ်းအနားသို့ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦး တက်ရောက်

(၂၄-၁-၂၀၂၆ ရက်၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယနိုင်ငံ၊ International Buddhist Confederation ၏ဖိတ်ကြားချက်အရ ၂၄-၁-၂၀၂၆ ရက်နေ့၊ နံနက် ၀၉း၀၀နာရီအချိန်တွင် နယူးဒေလီမြို့ရှိ Bharat Mandapam, New Delhi ခန်းမ၌ “Collective Wisdom, United Voice, and Mutual Coexistence” ဆောင်ပုဒ်ဖြင့်ကျင်းပသော 2nd Global Buddhist Summit (GBS) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Shri Gajendra Singh Shekhawat က အဓိကဧည့်သည်တော်အဖြစ်တက်ရောက်ပြီး အထူးဧည့်သည်တော်အဖြစ် ပါလီမန်ရေးရာဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Shri Kiren Rijijuတို့က တက်ရောက်ခဲ့ကြပြီး အမှာစကားအသီးသီးပြောကြားခဲ့ပါသည်။ ဗုဒ္ဓဘာသာကိုးကွယ်သော နိုင်ငံခြားတိုင်းပြည်များမှ သံဃအဓိပတိများနှင့်အတူ ဘာသာရေးဆိုင်ရာဆရာများ၊ ထူးချွန်သည့် ဗုဒ္ဓဘာသာပညာရှင်များနှင့် နိုင်ငံပေါင်း(၄၀)ကျော်တို့မှ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ပြီး နယူးဒေလီမြို့အခြေစိုက် အာဆီယံနိုင်ငံများမှ ကမ္ဘာဒီးယားနိုင်ငံအမတ်ကြီးနှင့် နိုင်ငံတကာသံရုံး များမှ သံတမန်များလည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြပြီး Collective Wisdom and United Voice of Social Harmony”ခေါင်းစဉ်အောက်တွင် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓညီလာခံအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်နှင့် ၂၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပခဲ့ပါကြောင်း၊ အဆိုပါ အခမ်းအနားသို့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မှ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး ဗုဒ္ဓဘာသာ ကိုးကွယ်သော နိုင်ငံခြားတိုင်းပြည်များမှ သံဃအဓိပတိများနှင့်အတူ ဘာသာရေးဆိုင်ရာ ဆရာများ၊ ထူးချွန်သည့် ဗုဒ္ဓဘာသာ ပညာရှင်များနှင့် နိုင်ငံပေါင်း(၃၁)နိုင်ငံတို့မှ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ သီတဂူဆရာတော် ဘုရားကြီး ဒေါက်တာ ဉာဏိဿရဦးဆောင်သည့် ဆရာတော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။