အိန္ဒိယနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခဲ့

(၁၉-၅-၂၀၂၀ ရက်၊ နေပြည်တော်)

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အိန္ဒိယ နိုင်ငံတွင်အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသား (၉၅) ဦးအား မြန်မာ အမျိုးသား လေကြောင်းလိုင်း (Myanmar National Airlines-MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ၁၉-၅-၂၀၂၀ ရက်နေ့၊ ညနေ (၀၅:၄၅) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့သည်။

၂။ COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့် အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နယူးဒေလီမြို့၊ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်း၍ ယနေ့တွင် MNA ကယ်ဆယ်ရေးလေယာဉ်ဖြင့် နယူးဒေလီ-ရန်ကုန် ခရီးစဉ်အား ပြေးဆွဲ၍ မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

၃။ ၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် သတ်မှတ်ချက်များနှင့်အညီ သီးခြားသတ်မှတ် ပေးထားသည့်နေရာ သို့မဟုတ် သတ်မှတ် ဟိုတယ်များ၌ (၂၁) ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက် ပေးခဲ့သည်။

၄။ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) အနေဖြင့် ၂၄-၅-၂၀၂၀ ရက်နေ့တွင် ချန်နိုင်း-ရန်ကုန်ခရီးစဉ်ကိုလည်းကောင်း၊ ၂၇-၅-၂၀၂၀ ရက်နေ့တွင် ဂါယာ-ရန်ကုန် ခရီးစဉ်တို့ကို လည်းကောင်း စီစဉ်ပြေးဆွဲလျက် အိန္ဒိယနိုင်ငံရှိ အဆိုပါဒေသများတွင် အခက်အခဲကြုံတွေ့နေကြ သည့် မြန်မာနိုင်ငံသားများကိုလည်း မြန်မာနိုင်ငံသို့ အသီးသီး ပြန်လည် ခေါ်ဆောင်ပေးသွားမည် ဖြစ်သည်။