(၁၉–၁၁–၂၀၂၂ ရက်၊ နယူးဒေလီမြို့)
အိန္ဒိယနိုင်ငံ၊ လက်ခ်နောင်းမြို့ရှိ City Montessori School (CMS) မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈–၂၂ ရက်အတွင်းစီစဉ်ကျင်းပသည့် ကမ္ဘာ့တရားသူကြီးချုပ်များ၏ (၂၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာညီလာခံသို့ မြန်မာနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ပါသည်။ အဆိုပါ ညီလာခံသို့ နိုင်ငံပေါင်း (၅၄) နိုင်ငံမှ သမ္မတများ၊ ဝန်ကြီးချုပ်များ၊လွှတ်တော် ဥက္ကဋ္ဌများ၊ ဝန်ကြီးများ အပါအဝင် တရားသူကြီးချုပ်များနှင့် တရားသူကြီးပေါင်း ၂၅၀ ကျော် တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ၊ ပြည်ထောင်စုတရားသူကြီးချုပ် ကိုယ်စား မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဦးမြင့်သိန်းမှ ပါဝင်တက်ရောက်ခဲ့ပါသည်။
ညီလာခံဖွင့်ပွဲတွင် အဓိက ဧည့်သည်တော်အဖြစ် အိန္ဒိယနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Shri Rajnath Singh မှ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး၊ မော်ရေးရှပ်နိုင်ငံ သမ္မတ Hon’ble Mr Prithvirajsing Roopun ၊ Antigua and Barbuda မှ အုပ်ချုပ်ရေးမှူးချုပ် Hon’ble Sir Rodney Errey Lawrence Williams နှင့် ဂါနာနိုင်ငံမှ လွှတ်တော်ဥက္ကဋ္ဌ Rt. Hon. Mr Alban Sumana Kingsford Bagbin စသည့် အကြီးအကဲများမှလည်း မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။





