(၂၃-၃-၂၀၂၃ ရက်၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံ၊ ကမ္ဘာလှည့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် နယူးဒေလီမြို့၊ Vigyan Bhawan ၌ ၂၃-၃-၂၀၂၃ ရက်တွင် ကျင်းပခဲ့သည့် ကမ္ဘာလှည့်ခရီးသွားလာရေး၊ ယဉ်ကျေးမှုနှင့်အရှေ့မြောက်ဒေသများ ဖွံ့ဖြိုးတိုးတက်မှုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး H.E. Shri G. Kishan Reddy နှင့် နယူးဒေလီမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ အကြား တွေ့ဆုံပွဲ (Round-table interaction) သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ မေလ ၁၇-၁၉ ရက်များတွင် ကျင်းပမည့် ပထမဆုံးအကြိမ် ကမ္ဘာလုံးဆိုင်ရာ ကမ္ဘာလှည့်ခရီးသွားကဏ္ဍ ရင်းနှီးမြှုပ်နှံသူများ ထိပ်သီးဆွေးနွေးပွဲ (1st Global Tourism Investors Summit- GTIS) အကြိုအဖြစ် အိန္ဒိယအစိုးရ ကမ္ဘာလှည့်ခရီးသွားလာရေးပြည်ထောင်စုဝန်ကြီး H.E. Shri G. Kishan Reddy မှ နယူးဒေလီမြို့ရှိ နိုင်ငံခြားသံအမတ်ကြီးများနှင့်တွေ့ဆုံ၍ အိန္ဒိယနှင့် ကမ္ဘာ့နိုင်ငံများအကြား ကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မှု အခွင့် အလမ်းများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အိန္ဒိယအစိုးရ အာဏာပိုင်များ၊ နယူးဒေလီမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ တက်ရောက်ခဲ့ကြပြီး မြန်မာသံအမတ်ကြီးမှလည်း အိမ်နီးချင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် ကမ္ဘာလှည့်ခရီးသွားလာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်တွဲ ကြိုးပမ်းနိုင်မည့် အလားအလာများနှင့် အခွင့်အလမ်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။




