(၆-၃-၂၀၂၃ ရက်၊ နယူးဒေလီမြို့)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် အိန္ဒိယနိုင်ငံ၊ မက်ဒရာပရာဒေ့ရှ်ပြည်နယ်အစိုးရ၏ ပံ့ပိုးမှုဖြင့် ဘိုပါးမြို့တွင် ၃-၃-၂၀၂၃ ရက်မှ ၆-၃-၂၀၂၃ ရက်အထိ အိန္ဒိယဖောင်ဒေးရှင်းနှင့် ဗုဒ္ဓအမွေအနှစ်လေ့လာမှုဆိုင်ရာ ဆန်ချီတက္ကသိုလ် (Sanchi University of Buddhist-Indic Studies) တို့မှ ပူးပေါင်းစီစဉ်ကျင်းပသည့် သတ္တမအကြိမ် အပြည်ပြည်ဆိုင်ရာ Dharma-Dhamma Conference-2023 သို့ ဧည့်သည်တော်အဖြစ် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။
အဆိုပါဘာသာရေးကွန်ဖရင့် ဖွင့်ပွဲအခမ်းအနားကို ၃-၃-၂၀၂၃ ရက်က Eastern Humanism for the New Era ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ အိန္ဒိယနိုင်ငံ သမ္မတ Hon’ble Smt. Droupadi Murmu က မိန့်ခွန်းပြောကြား ဖွင့်လှစ်ပေးခဲ့ပါသည်။ အိန္ဒိယနိုင်ငံသမ္မတနှင့်အတူ မက်ဒရာပရာဒေ့ရှ်ပြည်နယ်၊ အုပ်ချုပ်ရေးမှူး H.E. Shri Mangubhai Patel နှင့် ဝန်ကြီးချုပ် H.E. Shri Shivraj Singh Chouhan တို့မှလည်း မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။ အဆိုပါ ကွန်ဖရင့်ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွင် ဘူတန်ပြည်ထဲရေးနှင့် ယဉ်ကျေးမှုဝန်ကြီး H.E. Mr Ugyen Dorji ၊ သီရိလင်္ကာနိုင်ငံ ဗုဒ္ဓသာသနာ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး H.E. Mr Vidura Wickramanayaka ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တော် ဒုတိယအုပ်ချုပ်ရေးမှူး H.E. Prof. Dr. Ir.. Tjokorda Oka Artha Ardana Sukawati တို့သည် မက်ဒရာပရာဒေ့ရှ်ပြည်နယ် ယဉ်ကျေးမှုဝန်ကြီး H.E. Smt. Usha Thakur နှင့်အတူ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
ကမ္ဘာ့အစီအစဉ်သစ်အတွက် နိုင်ငံတကာမှ ပညာရှင်များ စုဝေး၍ ဘာသာရေး အတွေးအခေါ်နှင့် အတွေ့အကြုံများဖလှယ်နိုင်ရန်နှင့် လတ်တလော ရင်ဆိုင်နေရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စံနှုန်းဆိုင်ရာ စိန်ခေါ်မှုများအား ဘာသာရေးနှင့် ဒဿနိက အတွေးအခေါ်အမျိုးမျိုး၏ ရှုထောင့်မှ ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ Plenary Session၊ Keynote session နှင့် စာတမ်းဖတ်ပွဲများဖြင့် ကျင်းပသည့် ကွန်ဖရင့်သို့ အိန္ဒိယ၊ ဘူတန်၊ ထိုင်း၊ သီရိလင်္ကာ၊ နီပေါ၊ ဗီယက်နမ်၊ ရုရှား၊ အမေရိကန် အထင်ကရ ဘုန်းတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ ဘုရားကျောင်း/ အဖွဲ့အစည်းများနှင့် သာသနာရေး၊ ယဉ်ကျေးမှုနှင့် ဒဿနိက နယ်ပယ်မှ အဓိပဓိများ၊ ပါမောက္ခချုပ်များ၊ အစိုးရ အာဏာပိုင်များအပါအဝင် ပညာရှင် (၄၅) ဦးမှ ဆွေးနွေး ဟောပြောခဲ့ကြပြီး ကျွမ်းကျင်သူ၊ လေ့လာသူများ၏ စာတမ်းပေါင်း (၁၁၅) စောင်ကိုလည်း တင်သွင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာသံအမတ်ကြီးနှင့်အတူ မွန်ဂိုလီးယား၊ ထိုင်းစသည့်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ အိန္ဒိယနိုင်ငံ အနှံ့အပြားမှ ပညာရှင်များ၊ သုတေသီများ၊ နိုင်ငံရေးသမားများ၊ ကျောင်းသားများ တက်ရောက်၍ Speaker များနှင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။





