အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး The Pulses Conclave 2023 ဖွင့်ပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြား(၂၀-၂-၂၀၂၃ ရက်)

(၂၀-၂-၂၀၂၃ ရက်၊ နယူးဒေလီ)
 
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် မွန်ဘိုင်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ India Pulses and Grains Association (IPGA) မှ “Creating Sustainable Businesses in the Global Pulses Sector” ခေါင်းစဉ်ဖြင့် စီစဉ် ကျင်းပသည့် The Pulses Conclave 2023 သို့ Guest of Honour အဖြစ် ပါဝင်တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။ 
 
အိန္ဒိယနိုင်ငံ၊ ပဲနှင့် နှံစားသီးနှံ ကုန်သွယ်ရေးကဏ္ဍ၏ အဓိက အဖွဲ့အစည်းတစ်ခု ဖြစ်သည့် IPGA မှ (၂)နှစ်လျှင် တစ်ကြိမ် ကျင်းပသည့် The Pulses Conclave သို့ ဒေသတွင်းနှင့် နိုင်ငံတကာမှ ပဲနှမ်းကဏ္ဍနှင့် ဆက်စပ်သည့် မူဝါဒချမှတ်သူများ၊ သုတေသီများ၊ ဈေးကွက်ထိုးဖောက်ရေး အေဂျင်စီများ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များမှ တက်ရောက်၍ အကြံပြုချက်များ၊ အတွေ့အကြုံများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
 
ယခုနှစ် Conclave ဖွင့်ပွဲအခမ်းအနားသို့ အိန္ဒိယ ဗဟိုနှင့် ပြည်နယ်အစိုးရ စိုက်ပျိုးရေးနှင့် စားသုံးသူရေးရာ ဝန်ကြီးဌာနများမှ အတွင်းဝန်များနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ကနေဒါနိုင်ငံ Saskatchewan ပြည်နယ် စိုက်ပျိုးရေးဝန်ကြီး၊ ကနေဒါသံအမတ်ကြီးအပါအဝင် ပဲနှမ်းကဏ္ဍနှင့် ဆက်စပ် လုပ်ငန်းများမှ အရာထမ်းများနှင့် လုပ်ငန်းရှင်များ စုံလင်စွာတက်ရောက်ကြခဲ့ပြီး မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌနှင့် ကုမ္ပဏီ (၁၆) ခုမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။