အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ASEAN New Delhi Committee (ANDC) ၏ အကြိမ် (၁၂၀) မြောက် အစည်းအဝေးသို့ တက်ရောက်(၁၃-၁-၂၀၂၃ ရက်)

(၁၃-၁-၂၀၂၃ ရက်၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် သည် နယူးဒေလီမြို့ရှိ ထိုင်းသံရုံး၌ ၁၂-၁-၂၀၂၃ ရက်၊ (၁၇၀၀) နာရီတွင် ကျင်းပခဲ့သည့် အကြိမ် (၁၂၀) မြောက် အာဆီယံ-နယူးဒေလီ ကော်မတီ (ANDC) အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေး၌ အလှည့်ကျဥက္ကဋ္ဌ ထိုင်းသံအမတ်ကြီး H.E. Ms. Pattarat Hongtong က ဥက္ကဋ္ဌ တာဝန်ယူခဲ့သည့် ကာလအတွင်း ANDC ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး အာဆီယံသံအမတ်ကြီးများက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ ကိုဗစ်ကပ်ရောဂါ တားဆီးထိန်းချုပ်ရေးဆိုင်ရာ အစီအမံများ ပြန်လည်ချမှတ်နေသည့် ကာလတွင် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ အာဆီယံ-နယူးဒေလီ ကော်မတီ၏ တိုးတက်မှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်အတွက် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Nguyen Thanh Hai မှ လွှဲပြောင်းရယူခဲ့ပါသည်။

မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် အိန္ဒိယတွင် တာဝန်ထမ်းဆောင်မှု ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Mr. Ung Sean နှင့် ဇနီးအတွက် အာဆီယံသံအမတ်ကြီးများမှ နှုတ်ဆက်ဂုဏ်ပြုသည့် ညစာစားပွဲသို့လည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။