အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးမှ ၂၀၂၆ ခုနှစ်၊ အိန္ဒိယစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (CII) ၏ နှစ်ပတ်လည်စီးပွားရေးထိပ်သီးဆွေးနွေးပွဲ (CII Annual Business Summit 2026) သို့ တက်ရောက်(၁၁-၅-၂၀၂၆၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယစက်မှုလက်မှုလုပ်ငန်းရှင် များအသင်း (CII)၊ ညွှန်ကြားရေးမှူးချုပ်၏ ဖိတ်ကြားချက်အရ ၁၁-၅-၂၀၂၆ ရက်၊ ၁၀၀၀ နာရီ အချိန်တွင် နယူးဒေလီမြို့ရှိ Taj Palace Hotel ၌ “The Future : Global Economy, Industry, Society.” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ အိန္ဒိယစက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (CII) နှစ်ပတ်လည် စီးပွားရေးထိပ်သီးဆွေးနွေးပွဲ (CII Annual Business Summit 2026) သို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ရထားပို့ဆောင်ရေး၊ သတင်းအချက်အလက်နှင့် ရုပ်သံထုတ်လွှင့်မှု၊ အီလက်ထရွန်နစ်နှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီး Shri Ashwini Vaishnaw က ၂၀၂၆ ခုနှစ် CII နှစ်ပတ်လည်စီးပွားရေးထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံသူများအား လက်ရှိပထဝီနိုင်ငံရေးအသွင် ကူးပြောင်းမှုကာလအတွင်း အိန္ဒိယနိုင်ငံကို ဆက်လက်ထောက်ခံရန် တိုက်တွန်းခဲ့ပြီး အိန္ဒိယနိုင်ငံ သည် ပိုမိုအားကောင်းလာစေရန်နှင့် သိသာထင်ရှားသော ရေရှည်တိုးတက်မှုအခွင့်အလမ်းများကို ပေးဆောင်ရန် အနေအထားကောင်းတွင် ရှိနေကြောင်း အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ နယူးဒေလီမြို့ အခြေစိုက်သံရုံးများမှ သံရုံး အကြီးအကဲများ၊ သံတမန်များ၊ ကမ္ဘာ့စီးပွားရေးလုပ်ငန်းရှင်များ၊ Think Tank အဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အိန္ဒိယစက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (CII) အနေဖြင့် အဆိုပါ နှစ်ပတ်လည်စီးပွားရေးထိပ်သီးဆွေးနွေးပွဲကို ၁၁-၅-၂၀၂၆ ရက်နေ့မှ ၁၂-၅-၂၀၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။