အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယနိုင်ငံ ပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး H.E. Shri Bhupender Yada ၏ ဖိတ်ကြားချက်အရ ၆-၅-၂၀၂၆ ရက်၊ ၁၇၀၀ နာရီအချိန်တွင် နယူးဒေလီမြို့ရှိ Indira Paryavaran Bhavan ၌ “Save Big Cats, Save Humanity, Save Ecosystem” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ကြောင်ကြီးမျိုးနွယ်ဝင်တိရစ္ဆာန်များ ထိန်းသိမ်း စောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (International Big Cat Alliance – IBCA) ၏ ပထမအကြိမ် ထိပ်သီးအစည်းအဝေး၏ Website နှင့် Logo စတင်မိတ်ဆက်ဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် အိန္ဒိယနိုင်ငံ ပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတု ပြောင်းလဲမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက IBCA Summit 2026 ၏ Website နှင့် Logo တို့ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး IBCA ထိပ်သီးအစည်းအဝေး ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ နယူးဒေလီမြို့အခြေစိုက် IBCA အဖွဲ့ဝင် နိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနနှင့် ပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ပါသည်။
International Big Cat Alliance (IBCA) သည် ကမ္ဘာပေါ်ရှိ ကြောင်ကြီးမျိုးနွယ်ဝင် တိရစ္ဆာန်(၇)မျိုးကို ရေရှည်တည်တံ့စွာ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အိန္ဒိယနိုင်ငံက ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် စတင်အဆိုပြုတည်ထောင်ခဲ့သော နိုင်ငံတကာအဖွဲ့အစည်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကြောင်ကြီးမျိုးနွယ်ဝင်တိရစ္ဆာန်များ ထိန်းသိမ်း စောင့်ရှောက်ရေး မဟာမိတ်အဖွဲ့၏ ပထမအကြိမ် ထိပ်သီးအစည်းအဝေးကို ၁-၆-၂၀၂၆ ရက်မှ ၃-၆-၂၀၂၆ ရက်အထိ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် IBCA အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ အိန္ဒိယနိုင်ငံအနေဖြင့် အဆိုပါထိပ်သီးအစည်းအဝေးသို့ IBCA အဖွဲ့ဝင်နိုင်ငံ(၂၅)နိုင်ငံ၊ လေ့လာသူနိုင်ငံ(၃)နိုင်ငံ အပါအဝင် နိုင်ငံပေါင်း(၉၅)နိုင်ငံမှ ကိုယ်စားလှယ် များအား ဖိတ်ကြားထားကြောင်း သိရှိရပါသည်။



