အာရှ-ဥရောပဖောင်ဒေးရှင်း (ASEF) လူငယ်ခေါင်းဆောင်များ၏ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာသံအမတ်ကြီး ပါဝင်တက်‌ရောက် (၃-၁၀-၂၀၂၅ ရက်)

(၃-၁၀-၂၀၂၅ ရက်၊ တိုကျို)

အာရှ-ဥရောပဖောင်ဒေးရှင်း (ASEF) လူငယ်ခေါင်းဆောင်များ၏ ၆-ကြိမ်မြောက် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို အိုဆာကာမြို့ Kansai University Senriyama Campus တွင် (၃၀-၉-၂၀၂၅) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ အာရှ-ဥရောပဖောင်ဒေးရှင်း (ASEF) ၏ အမှုဆောင် ဒါရိုက်တာ သံအမတ်ကြီး Beata Stoczynska ၊ တိုကျိုမြို့အခြေစိုက် ASEF အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဥရောပဌာန လက်ထောက် ဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် Mr. Katsuro Kitagawa နှင့် တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ Kansai University ၏ President Professor Tomoyuki Takahashi ASEF အဖွဲ့ဝင် ၄၉ နိုင်ငံမှ လူငယ်ခေါင်းဆောင် စုစုပေါင်း (၈၉) ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော အာရှ-ဥရောပဖောင်ဒေးရှင်းသည် အာရှနှင့် ဥရောပဒေသကြီး ၂-ခုအကြား အပြန်အလှန် နားလည်မှု မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားရှိခဲ့ပြီး အဆိုပါရည်မှန်းချက်များနှင့်အညီ စီမံချက်များကို နှစ်စဉ်အကောင်အထည် ဖော်ဆောင်လျက်ရှိရာ ယခုကျင်းပပြုလုပ်သည့် လူငယ်ခေါင်းဆောင်များ၏ ဆွေးနွေးပွဲလည်း ပါဝင်ပါသည်။ ယခုဆွေးနွေးပွဲသို့ ASEF အဖွဲ့ဝင် ၄၉ နိုင်ငံမှ လျှောက်လွှာပေါင်း (၁၀၀၀) ကျော် အနက်မှ လူငယ်ခေါင်းဆောင် စုစုပေါင်း (၈၉) ဦးကို ရွေးချယ်ခဲ့ရာ မြန်မာနိုင်ငံမှ လူငယ် ၂-ဦး လည်း ပါဝင်တက်ရောက်လျက်ရှိကြောင်း၊ သိရှိရပါသည်။