ကျူးဘားသမ္မတနိုင်ငံ၊ ဟာဗားနားမြို့အခြေစိုက် မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးဝင်းသူထက်သည် ၂-၇-၂၀၂၆ ရက်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး၏ နေအိမ်၌ ကျင်းပသည့် အာဆီယံကော်မတီ ဟာဗားနား၊ ကျူးဘား (ASEAN Committee in Havana, Cuba – ACHC) ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့ အာဆီယံသံအမတ်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ရာထူးသက်တမ်းကုန်ဆုံး၍ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးမည့် ACHC ဥက္ကဋ္ဌ၊ လာအိုသံအမတ်ကြီး H.E. Mr. Vanhtha Sengmeuang က ၎င်းတာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး အလှည့်ကျဥက္ကဋ္ဌတာဝန်ကို မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Muhammad Radzi Jamaluddin ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ထို့နောက် အစည်းအဝေးတွင် တက်ရောက်လာကြသည့် အာဆီယံသံအမတ်ကြီးများသည် ကျူးဘားနိုင်ငံ၏ လက်ရှိအခြေအနေများနှင့် စပ်လျဉ်း၍ ကြုံတွေ့နေရသည့် အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ အခမ်းအနားအပြီးတွင် အာဆီယံကော်မတီ ဟာဗားနား ၊ ကျူးဘား သံရုံးအကြီးအကဲများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး လာအိုသံအမတ်ကြီးက နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။


