အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေးသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက် (၂၉-၆-၂၀၂၅ ရက်)

(၂၉-၆-၂၀၂၅ ရက်၊ ဘရပ်ဆဲလ်)
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဒေါက်တာ ခင်သီတာအေး သည် ၂၆-၆-၂၀၂၅ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ ဖိလစ်ပိုင်သံရုံး၌ ဖိလစ်ပိုင်သံရုံးမှ အလှည့်ကျဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ABC) ၏ ပဉ္စမအကြိမ် အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် အာဆီယံသံအမတ်ကြီးများသည် ဥရောပသမဂ္ဂနှင့် အာဆီယံ အကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ လက်ရှိကမ္ဘာ့ပထဝီနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကြောင့် အီးယူ အပါအဝင် ဒေသတွင်းမိတ်ဖက်များနှင့် ကုန်သွယ်ရေးအပေါ် ရိုက်ခတ်မှုများအား ဆွေးနွေး ပြောကြား ခဲ့ကြပါသည်။
မြန်မာသံအမတ်ကြီးက ဆွေးနွေးပြောကြားရာ၌ အီးယူအသိုက်အဝန်းအတွင်း၌ အာဆီယံ၏ အချက်အချာကျမှုကို ပိုမိုလေးနက်ထင်ရှားလာစေရေးနှင့် ဒေသနှစ်ခုအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေးအတွက် ABC အနေဖြင့် လှုပ်ရှားဆောင်ရွက်သွားမည့် ကိစ္စရပ် များတွင် မြန်မာသံရုံးအနေဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါ သည်။
******************