(၁၅-၉-၂၀၂၅ ရက်၊ ပရာ့ဂ်မြို့)
အာဆီယံ-ပရာ့ဂ်ကော်မတီ(ASEAN Committee in Prague) မှ ကြီးမှူးကျင်းပသည့် (၁၃)ကြိမ်မြောက် အာဆီယံအပေါင်း ဘိုးလင်းပြိုင်ပွဲ (13th ASEAN Plus Bowling Tournament) အား ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပရာ့ဂ်မြို့ရှိ XBOWLING PROSEK DUO ၌ ကျင်းပခဲ့ရာ ပရာ့ဂ်မြို့အခြေစိုက် အာဆီယံသံရုံးများဖြစ်သည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား၊ မြန်မာနှင့် ဗီယက်နမ်သံရုံးများနှင့် အာဆီယံအပေါင်း နိုင်ငံဖြစ်သည့် ဂျပန်သံရုံးတို့မှ ပြိုင်ပွဲဝင်အသင်းများ၊ ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနတို့မှ ပြိုင်ပွဲဝင်အသင်းများ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြပါသည်။
အဆိုပါ အာဆီယံအပေါင်း ချစ်ကြည်ရေး ဘိုးလင်းပြိုင်ပွဲသည် ပရာ့ဂ်မြို့အခြေစိုက် အာဆီယံ သံရုံးများမှ သံတမန်များ၊ အာဆီယံအပေါင်းသံရုံးများမှ သံတမန်များနှင့် ချက်ဝန်ကြီးဌာန များမှ တာဝန်ရှိသူများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်နားလည်မှု တိုးတက် စေရေး ရည်ရွယ်ချက်ကောင်းများဖြင့် ဆောင်ရွက်လျက် ရှိသည့် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ ကာလရှည်အစဉ်အလာရှိသော လှုပ်ရှားမှုတစ်ခုဖြစ်ပါသည်။
ယခုနှစ်ဘိုးလင်းပြိုင်ပွဲကို မလေးရှားသံရုံးနှင့် မြန်မာသံရုံးတို့က ပူးတွဲစီစဉ် ကျင်းပ ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲအပြီးတွင် သီချင်းဆိုပြိုင်ပွဲအားလည်း ထည့်သွင်းကျင်းပခဲ့ကြောင်း သိရှိရပါသည်။

