(၂၄-၂-၂၀၂၆ ရက်၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံတမန်များနှင့် မိသားစုဝင်များအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်စေရန်ရည်ရွယ်၍ အာဆီယံ-နယူး ဒေလီကော်မတီ(ANDC)၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မြန်မာသံရုံးက ASEAN Friendly Bowling Tournament ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ မွန်းလွဲ (၂:၃၀) နာရီမှ (၁၇:၃၀) နာရီအထိ ဟာရနာပြည်နယ်၊ Gurugram မြို့ရှိ DLF The Camellias တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
မြန်မာသံရုံးက စီစဉ်ကျင်းပသည့် ASEAN Friendly Bowling Tournament သို့ နယူး ဒေလီမြို့ရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံ သံအမတ်ကြီးများဖြစ်ကြသည့် ဘရူနိုင်းသံအမတ်ကြီး H.E. Mrs. Siti Arnyfariza Jaini၊ မလေးရှားသံအမတ်ကြီး H.E.Dato' Muzafar Shah Mustafa၊ စင်ကာပူသံအမတ်ကြီး H.E. Mr. Simon Wong၊ တီမောလက်စ်တေသံမတ်ကြီး H.E. Mr. Karlito Nunes ၊ ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Nguyen Thanh Hai၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားသံရုံးတို့မှ သံရုံးဒုတိယအကြီးအကဲများအပြင် လာအို၊ ဖိလစ်ပိုင်နှင့် ထိုင်းသံရုံးတို့မှ သံတမန်စုစုပေါင်း (၆၀)ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
မြန်မာသံအမတ်ကြီး ဦးဇော်ဦးနှင့် ဇနီး ဒေါ်ပွင့်နွယ်ဝေက အာဆီယံသံအမတ်ကြီးများနှင့် ဇနီးများအား The Camelias ၏ Sports Bar ၌ ကြိုဆိုဧည့်ခံခဲ့ကြပါသည်။ အခမ်းအနား အစီအစဉ်အရ ဘိုးလင်းပြိုင်ပွဲကို ပထမပိုင်းနှင့် ဒုတိယပိုင်းဟူ၍ နှစ်ပိုင်းခွဲ ကျင်းပခဲ့ပြီး တစ်ပိုင်းလျှင် အဖွဲ့(၃)ဖွဲ့ ယှဉ်ပြိုင်ခဲ့ကြပါသည်။ ထို့နောက် မြန်မာသံရုံးက တက်ရောက်လာသည့် သံတမန်များကို ညစာဖြင့် တည့်ခင်းဧည့်ခံခဲ့ပါသည်။ ဆက်လက်၍ Performance Hall တွင် မြန်မာသံအမတ်ကြီးက မိန့်ခွန်းပြောကြားခဲ့ပြီး၊ အဖွဲ့လိုက်ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ထို့နောက် မြန်မာသံအမတ်ကြီးနှင့် ဇနီး ဦးဆောင်သည့် မြန်မာသံရုံးဝန်ထမ်းများသည် တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံတမန်များ၊ DLF The Camellias မှ တာဝန်ရှိသူများနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကူး ခြင်းတို့ပြုလုပ်ပြီးနောက် အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။



