(၁၇-၃-၂၀၂၃ ရက်၊ ဂျကာတာ)
(၂၄) ကြိမ်မြောက် အာဆီယံ-တရုတ် ပူးတွဲပူးပေါင်းဆောင်ရွက်မှု ကော်မတီ အစည်းအဝေးကို ၁၇-၃-၂၀၂၃ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပခဲ့ရာ၊ အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေး ညှိနှိုင်းရေးမှူး တာဝန်ယူထားသည့် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်မှ အာဆီယံဆိုင်ရာ တရုတ် အမြဲတမ်းကိုယ်စားလှယ် H.E. Mrs. Hou Yanqi နှင့်အတူ ပူးတွဲ၍ အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် Michael Tene တို့ တက်ရောက်ခဲ့ပြီး၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တီမောလက်စ်တေသံရုံးမှ တာဝန်ရှိသူက လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။
ယင်းအစည်းအဝေးတွင် အာဆီယံနှင့် တရုတ်နိုင်ငံတို့၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး၊ သက်ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များမှ ယခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း ဆောင်ရွက်သွားမည့် ဦးစားပေးအစီအစဉ်များ၊ Initiative for ASEAN Integration (IAI) Work Plan IV အောက်တွင် ဖြစ်ပေါ်တိုးတက်မှုများနှင့် တရုတ်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ ASEAN Smart Cities Network နှင့် ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကဏ္ဍတွင် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များအပေါ် ဆွေးနွေးတင်ပြခဲ့ကြပါသည်။
ဆက်လက်၍ အာဆီယံ-တရုတ် လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) နှင့် ၎င်း၏ နောက်ဆက်တွဲ အစီအစဉ်တို့နှင့် ပတ်သက်၍ အကောင်အထည်ဖော်လျက်ရှိသည့် ဖြစ်ပေါ်တိုးတက်မှုများ၊ (၂၅) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးနှင့် အထူးထိပ်သီးအစည်းအဝေးတို့၏ ရလဒ်များအပေါ် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် အာဆီယံ-တရုတ် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စားနပ်ရိက္ခာ ဖူလုံရေး ပူးပေါင်းဆောင်ရွက်ရေးနှစ်တွင် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။





