(၁၇-၃-၂၀၂၃ ရက်၊ တိုကျို)
အာဆီယံ-ဂျပန်ဗဟိုဌာန (ASEAN-Japan Centre) ၏ (၄၂) ကြိမ်မြောက် ကောင်စီဒါရိုက်တာများ အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်၊ ၁၃:၃၀ နာရီတွင် တိုကျိုမြို့ရှိ အာဆီယံ-ဂျပန်ဗဟိုဌာန၌ ကျင်းပခဲ့ရာ၊ အစည်းအဝေးသို့ မြန်မာကောင်စီဒါရိုက်တာ သံအမတ်ကြီး ဦးစိုးဟန်မှ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါ ကောင်စီဒါရိုက်တာများ အစည်းအဝေးအား ထိုင်းနိုင်ငံ ကောင်စီဒါရိုက်တာ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Phusit Ratanakul Sereroengrit မှ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ ကောင်စီဒါရိုက်တာများ၊ အာဆီယံ-ဂျပန်ဗဟိုဌာန အတွင်းရေးမှူးချုပ် Dr. Kunihiko Hirabayashi နှင့် ဘာသာရပ်တာဝန်ခံများ စုစုပေါင်း ကိုယ်စားလှယ်(၇၀)ဦးခန့် တက်ရောက်ခဲ့ကြကာ၊ မလေးရှားနိုင်ငံကောင်စီဒါရိုက်တာက အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံ-ဂျပန်ဗဟိုဌာနအနေဖြင့် ၂၀၂၂ ခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းများနှင့် လှုပ်ရှားမှုများ၊ ၂၀၂၃ ခုနှစ်အတွင်း ကျရောက်မည့် အာဆီယံ-ဂျပန် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး နှစ်(၅၀)ပြည့် အထိမ်းအမှတ်အဖြစ် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းများနှင့် လှုပ်ရှားမှုများ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့် အာဆီယံ-ဂျပန်ဗဟိုဌာန ပြုပြင် ပြောင်းလဲရေးအတွက် ဆောင်ရွက်နေသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
မြန်မာကောင်စီဒါရိုက်တာ သံအမတ်ကြီး ဦးစိုးဟန်မှ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-ဂျပန် ဗဟိုဌာန၏ အစီအစဉ်ဖြင့် ၂၀၂၂ ခုနှစ်အတွင်း National Activities Projects အဖြစ် စီမံကိန်း(၃)ခုနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုခေါင်းစဉ်အောက်မှ စီမံကိန်း (၂)ခု၊ စွမ်းဆောင်ရည်မြှင့်တင်ရေး ခေါင်းစဉ် အောက်မှ စီမံကိန်း (၁)ခု၊ စုစုပေါင်း စီမံကိန်း (၆) ခု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်မည့် အာဆီယံ-ဂျပန် ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှု နှစ်(၅၀)ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုကိစ္စရပ်များနှင့် ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းများတွင် မြန်မာနိုင်ငံက တက်ကြွစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါဝင်ဆွေးနွေးပြောကြားခဲ့ပါသည်။
(၄၂) ကြိမ်မြောက် အာဆီယံ-ဂျပန်ဗဟိုဌာန ကောင်စီဒါရိုက်တာများအစည်းအဝေးကို ၁၇-၃-၂၀၂၃ ရက်၊ ၁၅:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။





