အာဆီယံ ကော်ဖီနှင့် လက်ဖက်ရည် သံတမန်ပြပွဲတွင် မြန်မာသံရုံးမှ ပါဝင်ပြသ

(၁၃-၉-၂၀၂၅ ရက်၊ မနီလာ)

အာဆီယံအမျိုးသမီးအဖွဲ့နှင့် မနီလာမြို့ရှိ မလေးရှားသံရုံးသို့  ပူးပေါင်း၍ ASEAN Coffee and Tea Diplomacy နှင့် Malaysia Tourism, Arts, Culture and Food Festival 2025 အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့နှင့် (၁၃) ရက်နေ့တို့တွင် မနီလာမြို့ရှိ One Ayala Mall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ပြပွဲဖွင့်ပွဲအခမ်းအနားကို ၁၂-၉-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများ၊  အာဆီယံသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် အာဆီယံ အမျိုးသမီးအဖွဲ့မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

ASEAN Coffee and Tea Diplomacy အခမ်းအနားတွင် မြန်မာသံရုံးအနေဖြင့် အခြားအာဆီယံအဖွဲ့ဝင် သံရုံးများနည်းတူ ကော်ဖီနှင့် လက်ဖက်ရည် ရိုးရာယဉ်ကျေးမှုဓလေ့ကို မျှဝေဖော်ထုတ်ပြသကာ နိုင်ငံ့ယဉ်ကျေးမှုအမွေအနှစ်ကို မြှင့်တင်ခဲ့ပါသည်။ မြန်မာသံရုံးအနေဖြင့်  မြန်မာ့ထွက်ကုန်ဖြစ်သည့် ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီနှင့် Royal Myanmar Teamix တို့ကို ဈေးကွက် မိတ်ဆက်ပြသခဲ့ပြီး၊ ဧည့်သည်တော်များအား မြန်မာ့လက်ဖက်ရည်၏ ထူးခြားသော အရသာကို မိတ်ဆက်ပေးခဲ့ကြောင်း သိရှိရပါသည်။