(၁၇-၂-၂၀၂၃ ရက်၊ ဆိုးလ်)
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်နှင့် (၁၇) ရက်တို့တွင် ကျင်းပသည့် ဆိုးလ်မြို့ အခြေစိုက် အာဆီယံ-ကိုရီးယား ဗဟိုဌာန (ASEAN–Korea Centre– AKC) ကောင်စီဒါရိုက်တာ အဖွဲ့များ၏ (၁၅) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ကောင်စီ ဒါရိုက်တာများ၊ AKC အတွင်းရေးမှူးချုပ် H.E. Mr. Kim Hae-yong တို့လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ၂၀၂၃ ခုနှစ်အတွက် AKC ၏ ကောင်စီဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် မှတ်တမ်းတင်သူတို့အား ရွေးချယ်တင်မြှောက်ခဲ့ရာ AKC ၏ ကောင်စီဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှား နိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. DidiSumedi အား လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ၂၀၂၄ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် လာအိုနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Chatoulong Bouasisavath အား လည်းကောင်း၊ မှတ်တမ်းတင်သူအဖြစ် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Yeap Samnang အား လည်းကောင်း ရွေးချယ်တင်မြှောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာသံအမတ်ကြီးက မိန့်ခွန်းပြောကြားရာ၌ အာဆီယံအသိုက်အဝန်း တည်ထောင်ရေးကြိုးပမ်းမှုတွင် ကိုရီးယားသမ္မတနိုင်ငံမှ အာဆီယံအဖွဲ့အစည်းသို့ အစဉ်အမြဲ ကူညီထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒဖြစ်သည့် Strategy for a Free, Peaceful and Prosperous Indo-Pacific Region မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်ဖြစ်သည့် Korea–ASEAN Solidarity Initiative တို့သည် အာဆီယံမှ အင်ဒို-ပစိဖိတ်ဒေသနှင့်စပ်လျဉ်း၍ ချမှတ်ထားသည့် ASEAN Outlook on Indo–Pacific ရည်မှန်းချက်တို့နှင့် အပြန်အလှန်ဆက်နွယ်မှုရှိနေပြီး၊ ဒေသတွင်းကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားနိုင် မည်ဟု ယုံကြည်ပါကြောင်း၊ AKC သို့ ထည့်ဝင်ရန်ရှိသည့် အာဆီယံနိုင်ငံများ၏ အချိုးကျ ထည့်ဝင်ကြေးနှင့်ပတ်သက်၍ အာဆီယံနှင့်ကိုရီးယား နှစ်ဘက်အကြား ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များတွင် အကျိုးရှိစွာအသုံးချသွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။




