အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံမှ ထွက်ခွာ

(၂၃-၃-၂၀၂၂ ရက်၊ နေပြည်တော်)

ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မစ္စတာ ပရပ်ဆုတ်ခွန်းသည် ၂၀၂၂ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မှ ပြန်လည်ထွက်ခွာခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ပါသည်။

အထူးကိုယ်စားလှယ် ပြန်လည်ထွက်ခွာခြင်းမပြုမီ သီးသန့်အစီအစဉ်များအဖြစ် ၂၂-၃-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ အထူးအေဂျင်စီများနှင့် ပြည်သူ့ပါတီဥက္ကဋ္ဌတို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ပါသည်။ မွန်းလွဲပိုင်းတွင် မြန်မာ့ကြက်ခြေနီအသင်း၏ လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် လှူဒါန်းထားသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများထားရှိရန် သိုလှောင်ရုံသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ပါသည်။ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံတို့မှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့်အတူ ညစာ သုံးဆောင်ခဲ့ကြောင်း သိရှိရပါသည်။