အာဆီယံအသိုက်အဝန်း၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ စတုတ္တအကြိမ်မြောက် အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်(၂၀-၁၀-၂၀၂၂ ရက်)

(၂၀-၁၀-၂၀၂၂ ရက်၊ နေပြည်တော်)

အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ ၏ စတုတ္တအကြိမ်မြောက် အစည်းအဝေးကို ၁၉-၁၀-၂၀၂၂ ရက်မှ ၂၀-၁၀-၂၀၂၂ ရက်အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် Hybrid format ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌများ ပြုလုပ်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အဆင့်မြင့် ကိုယ်စားလှယ်များ၊  ကိုယ်စားလှယ်များနှင့် အာဆီယံနိုင်ငံရေး-လုံခြုံရေး အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်တို့တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ virtual စနစ်ဖြင့် မြန်မာနိုင်ငံကိုယ်စား အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် Alternate Eminent Person တက်ရောက်ခဲ့ပြီး ၎င်းနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ အရာထမ်းများလည်း လိုက်ပါတက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်တွင် ထည့်သွင်းမည့် အဓိကသွင်ပြင်လက္ခဏာများကိစ္စ၊ အာဆီယံ၏စွမ်းဆောင်ရည်နှင့် အဖွဲ့အစည်း၏ ထိရောက်မှု စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ အကြံပြုချက်များကိစ္စ၊ ဒေသတွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရေးဆိုင်ရာနည်းလမ်းများကိစ္စ၊ အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် ပူးပေါင်း ညှိနှိုင်းရေးအစည်းအဝေးသို့ တင်ပြမည့် အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ ဆောင်ရွက်ချက် တိုးတက်မှုအစီရင်ခံစာ(မူကြမ်း)ကိစ္စ စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရန် အဆင့်မြင့်လုပ်ငန်းအဖွဲ့ ဖွဲ့စည်း ရေးကို ၂၀၂၁ခုနှစ် အောက်တိုဘာလ (၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၈) ကြိမ်မြောက် နှင့် (၃၉)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့ပါသည်။ အဆိုပါ အဆင့်မြင့်လုပ်ငန်းအဖွဲ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များနှင့် အဆင့်မြင့်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားကြောင်း သိရှိရပါသည်။