(၁၀-၃-၂၀၂၆ ရက်၊ နယူးဒေလီ)
နယူးဒေလီမြို့ရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံ သံရုံးများ၏ အမျိုးသမီးများအဖွဲ့ (ASEAN Ladies Circles-ALC)၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်လျက်ရှိသော မြန်မာသံရုံးက မြန်မာ့ယဉ်ကျေးမှုမိတ်ဆက်ပွဲကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ၁၀:၀၀ မှ ၁၂:၃၀ နာရီအထိ မြန်မာ သံရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နယူးဒေလီမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အမျိုးသမီးသံအမတ်ကြီးများ၊ သံရုံးဒုတိယအကြီးအကဲ၊ မြန်မာသံရုံး၊ စစ်သံရုံးမှ အမျိုးသမီးအဖွဲ့ဝင်များ စုစုပေါင်း (၅၅)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်အရ ALC ၏ အလှည့်ကျ ဥက္ကဋ္ဌ၊ မြန်မာသံအမတ်ကြီး ဦးဇော်ဦး၏ ဇနီး ဒေါ်ပွင့်နွယ်ဝေက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ALC အလှည့်ကျဥက္ကဋ္ဌသည် နယူးဒေလီမှ ပြန်လည်ထွက်ခွာတော့မည့် ALC အဖွဲ့ဝင်များအား နှုတ်ဆက်လက်ဆောင်မွန်များ ပေးအပ်ခဲ့ပြီး မကြာသေးမီက နယူးဒေလီမြို့သို့ ရောက်ရှိလာသည့် ALC အဖွဲ့ဝင်အသစ်များအား ကြိုဆိုခဲ့ပါသည်။
မြန်မာ့ယဉ်ကျေးမှုမိတ်ဆက်ပွဲတွင် မြန်မာ့တူရိယာများဖြစ်ကြသည့် စောင်းနှင့် ပတ္တလားအပြင် တိုင်းရင်းသားရိုးရာဝတ်စုံများကို မိတ်ဆက်ပြောကြားကာ နယူးဒေလီမြို့ရှိ ကျောင်းသား၊ ကျောင်းသူများက စောင်းနှင့် ပတ္တလား တီးမှုတ်ပြသခဲ့ကြပြီး တိုင်းရင်းသားဝတ်စုံများ ဝတ်ဆင်ပြသခဲ့ကြပါသည်။ ဆက်လက်၍ လက်တီးသီချင်းဖြင့် အဖွဲ့လိုက်သီဆိုကပြခဲ့ရာ တက်ရောက်သူများမှလည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ မြန်မာသံရုံးက တက်ရောက်လာကြသည့် ဧည့်သည်များကို မြန်မာအစားအစာ အုန်းနို့ခေါက်ဆွဲ၊ ဆီထမင်း၊ ပဲပြုတ်နှင့် ငါးခြောက်၊ အချိုပွဲ နာနတ်သီးကျောက်ကျော၊ မြန်မာလက်ဖက်ရည်တို့ဖြင့် တည့်ခင်းဧည့်ခံခဲ့ပါသည်။ တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ ALC နာယကများ၊ အဖွဲ့ဝင်များက မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။



