“အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍအပေါ် ပြန်လည်သုံးသပ်ခြင်း” ဆိုင်ရာ ဆွေးနွေးပွဲကျင်းပပြုလုပ်

“အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍအပေါ် ပြန်လည်သုံးသပ်ခြင်း” ဆိုင်ရာ ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံ၏မဏ္ဍိုင် (၃) ရပ်အောက်ရှိ ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ Naypyitaw State Academy၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနနှင့် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာနတို့မှ အာဆီယံဆိုင်ရာ ဘာသာရပ်ကျွမ်းကျင်သူ အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။


နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ယနေ့ဆွေးနွေးပွဲတွင် အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍကို ပိုမိုအားကောင်းစေရန်နည်းလမ်းများ၊ နယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အမြင်များကိုပေါင်းစပ်ကာ မြန်မာ-အာဆီယံ ပုံမှန်ဆက်ဆံရေးတည်ဆောက်ရာတွင် ကြုံတွေ့ရမည့်စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် လက်တွေ့ကျသည့်နည်းလမ်းများ စသည်တို့ကို အဓိကဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် အာဆီယံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က “အာဆီယံအတွင်း မြန်မာနိုင်ငံ၏ (၂၉) နှစ်တာ ခရီးစဉ်” ခေါင်းစဉ်ဖြင့် အာဆီယံသို့ မြန်မာနိုင်ငံ စတင်ဝင်ရောက်ခဲ့သည့် ၁၉၉၇ ခုနှစ်မှစ၍ ယနေ့အထိ အာဆီယံအတွင်း မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များနှင့် ဖြစ်ပေါ်တိုးတက်မှုများကို ခြုံငုံသုံးသပ် ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ပြောင်းလဲလျက်ရှိသော ဒေသတွင်းနှင့် နိုင်ငံတကာပတ်ဝန်းကျင်အောက်တွင် အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍနှင့် မြန်မာနိုင်ငံက အာဆီယံအပေါ် သဘောထားအမြင်၊ အာဆီယံက မြန်မာနိုင်ငံအပေါ် သဘောထားအမြင်နှင့် အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍကို ပိုမိုအားကောင်းစေရေးအတွက် လက်တွေ့ကျသောမူဝါဒနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အကြံပြုချက်များနှင့် လာမည့် (၅) နှစ်အတွင်း မြန်မာနိုင်ငံ၏ အာဆီယံဆိုင်ရာ ဦးစားပေးလုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ်၍ အကြံပြုဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဆွေးနွေးပွဲမှ ရရှိလာသော အဓိကအကြံပြုချက်များနှင့် ဆွေးနွေးချက်များကို အာဆီယံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အကျဉ်းချုပ်တင်ပြခဲ့ပါသည်။


နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက်စဉ်ကတည်းက အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ညှိနှိုင်းရေးမှူးတာဝန်များကို အလှည့်ကျ ဆောင်ရွက်မှုအပါအဝင် တာဝန်သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တာဝန်ကျေပွန်စွာ ဆောင်ရွက်နေမှုများ၊ အာဆီယံအဖွဲ့ အတွင်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍကို မြှင့်တင်နိုင်မှု၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် အပြုသဘောထိတွေ့ ဆောင်ရွက်နေမှုများကို အနှစ်ချုပ်သုံးသပ်ဆွေးနွေးခဲ့ပြီး အာဆီယံအတွင်း မြန်မာနိုင်ငံမှ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် (Way Forward)၊ လမ်းပြမြေပုံ (Roadmap) စသည်တို့ကို သုံးသပ်ကာ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ထိရောက်စွာမြှင့်တင်နိုင်မည့် ရေရှည်မဟာဗျူဟာများ၊ အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အခန်းကဏ္ဍကို ပိုမိုအားကောင်းစေရန် အကောင်အထည်ဖော်နိုင်မည့် လက်တွေ့ကျသော မူဝါဒဆိုင်ရာ အကြံပြုချက်များရရှိရေးကို ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားကာ ဆွေးနွေးပွဲကို ပိတ်သိမ်းခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်