အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်(၁၀-၆-၂၀၂၆၊ မနီလာ)

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၊ ဖိလစ်ပိုင်အပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းစင်တာ၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးများကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက သဘာပတိအဖြစ် တာဝန်ယူ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံဒုတိယ အတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ယခုအစည်းအဝေးများသည် မကြာမီ ကျင်းပပြုလုပ်မည့် နိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင် ဆွေးနွေးမှုများ ပြုလုပ်ရန် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အဆင့်မြင့်အရာရှိကြီးများက လက်ရှိပူးပေါင်းဆောင်ရွက်မှုများအပေါ် ပြန်လည်သုံးသပ်၍ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ ပါသည်။
ထိုသို့ဆွေးနွေးရာ၌ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က သက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မူဘောင်အသီးသီးတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များအပေါ် ပြန်လည်သုံးသပ်ကာ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဦးစားပေးဆောင်ရွက် လိုသည့်ကိစ္စရပ်များကို အကြံပြုဆွေးနွေးခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေ အနေများကို ရှင်းလင်းအသိပေးခဲ့ပါသည်။