(၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉-၁၁ ရက်၊ ပို့ဒစ်ဆန်)
မလေးရှားနိုင်ငံ၊ ပို့ဒစ်ဆန်မြို့၌ ၉-၉-၂၀၂၅ ရက်မှ ၁၁-၉-၂၀၂၅ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၊ အာဆီယံအပေါင်းသုံး အဆင့်မြင့်အရာရှိကြီးများ အကြိုညှိနှိုင်းအစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အကြို ညှိနှိုင်းအစည်းအဝေး၊ (၁၅)ကြိမ်မြောက် အာဆီယံပင်လယ်ရေကြောင်းဖိုရမ်နှင့် (၁၃)ကြိမ်မြောက် အာဆီယံပင်လယ်ရေကြောင်းတိုးချဲ့ဖိုရမ်တို့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံ များမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် တီမော လက်စ်တေနိုင်ငံမှ လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။ အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတွင် အဆင့်မြင့်အရာရှိကြီးများသည် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများအတွက် ပြင်ဆင် ဆောင်ရွက်မှုများ၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (တီအေစီ) သို့ ဝင်ရောက်လက်မှတ်ရေးထိုးလိုကြောင်း လျှောက်ထားသည့်ကိစ္စရပ်များ၊ အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် အာဆီယံပြင်ပဆက်ဆံရေး တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ အာဆီယံအပေါင်းသုံးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များ၏ အကြိုညှိနှိုင်းအစည်းအဝေးများတွင် (၂၈) ကြိမ်မြောက် အာဆီယံအပေါင်းသုံးထိပ်သီး အစည်း အဝေးနှင့် (၂၀)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးတို့အတွက် ပြင်ဆင်ဆောင်ရွက်မှုများ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။ (၁၅)ကြိမ်မြောက် အာဆီယံပင်လယ်ရေကြောင်းဖိုရမ်နှင့် (၁၃)ကြိမ်မြောက် အာဆီယံ ပင်လယ်ရေကြောင်းတိုးချဲ့ဖိုရမ်တို့တွင် အဆင့်မြင့်အရာရှိကြီးများသည် (၁၆)ကြိမ်မြောက် အာဆီယံ ပင်လယ်ရေကြောင်းဖိုရမ်နှင့် (၁၄)ကြိမ်မြောက် အာဆီယံပင်လယ်ရေကြောင်းတိုးချဲ့ဖိုရမ် တို့အတွက် ပြင်ဆင်ဆောင်ရွက်မှုများအပါအဝင် ဒေသတွင်းပင်လယ်ရေကြောင်း ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေး တိုးတက်မှုနှင့် ပင်လယ်ရေကြောင်းပတ်ဝန်းကျင် ရေရှည်တည်တံ့စေရန် ထိန်းသိမ်း ကာကွယ်ရေးအတွက် ဒေသတွင်းကြိုးပမ်းအားထုတ်မှုများနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ် ဆွေးနွေး ခဲ့ကြပါသည်။ အစည်းအဝေးကာလအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်သည် မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတွင်းရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီး H.E. Dato’ Sri Amran Mohamed Zin နှင့် တီမောလက်စ်တေနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အဆင့်မြင့် အရာရှိကြီး H.E. Milena Rangel တို့နှင့်လည်း သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး ပိုမို တိုးတက်ခိုင်မာစေရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။


