(၁၂- ၆-၂၀၂၅ ရက်၊ ပီနန်း)
မလေးရှားနိုင်ငံ၊ ပီနန်းမြို့၌ ၉-၆-၂၀၂၅ ရက်မှ ၁၁-၆-၂၀၂၅ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၊ အာဆီယံ+၃ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် အာဆီယံဒေသတွင်းဖိုရမ် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့် အာဆီယံဒေသတွင်းဖိုရမ် အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် တီမောလက်စ်တေနိုင်ငံမှ လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။
အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတွင် အဆင့်မြင့်အရာရှိကြီးများသည် အာဆီယံအသိုက်အဝန်းထူထောင်ရေးနှင့် အာဆီယံပြင်ပဆက်ဆံရေးတိုးမြှင့်ရေး အပါအဝင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပမည့် (၅၈)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် အာဆီယံဥက္ကဋ္ဌ၏ ဦးစားပေး လုပ်ငန်းရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အာဆီယံ+၃ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတွင် အာဆီယံ+၃ ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၇) ဖြစ်ပေါ် တိုးတက်မှုများကို ပြန်လည်သုံးသပ်၍ အနာဂတ်ရည်မှန်းချက်များနှင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပမည့် (၂၆)ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် အောက်တိုဘာလတွင် ကျင်းပမည့် (၂၈)ကြိမ်မြောက် အာဆီယံ+၃ ထိပ်သီးအစည်းအဝေး ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် အရှေ့အာရှထိပ်သီးအစည်းအဝေး အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးတွင် အဆင့်မြင့်အရာရှိကြီးများသည် အရှေ့အာရှထိပ်သီးအစည်းအဝေး လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈)အကောင်အထည်ဖော်ရေး ဖြစ်ပေါ်တိုးတက်မှုကို ပြန်လည်သုံးသပ်ပြီး၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပမည့် (၁၅)ကြိမ်မြောက်အရှေ့အာရှ ထိပ်သီးအစည်းအဝေး နိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးနှင့် အောက်တိုဘာလတွင် ကျင်းပမည့် (၂၀)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးတို့အတွက် ပြင်ဆင် ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အာဆီယံဒေသတွင်းဖိုရမ်အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးတွင် ၂၀၂၄-၂၀၂၅ ကြားကာလ အာဆီယံဒေသတွင်းဖိုရမ်အစည်းအဝေးများ၏ ရလဒ်များကို ပြန်လည်သုံးသပ်ပြီး၊ ၂၀၂၅-၂၀၂၆ ကြားကာလ ကျင်းပမည့် အစည်းအဝေးများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် အရှေ့အာရှထိပ်သီးအစည်းအဝေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် အာဆီယံဒေသဆိုင်ရာဖိုရမ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတို့တွင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။
*************




