(၂၉-၄-၂၀၂၅ရက်၊ ကွာလာလမ်ပူ)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ၂၈−၄−၂၀၂၅ ရက်မှ ၂၉−၄−၂၀၂၅ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၊ အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းစင်ရေးဇုန်စာချုပ် အကောင်အထည်ဖော်ရေး ကြီးကြပ်မှု ကော်မတီအစည်းအဝေးနှင့် (၁၈) ကြိမ်မြောက် တီမောလက်စ်တေ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးဆိုင်ရာ အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ လုပ်ငန်းအဖွဲ့ အစည်းအဝေးတို့သို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံ၏ ဖိတ်ကြားချက်အရ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးများတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံမှ ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဦးစားပေးအစီအစဉ်များ၊ အာဆီယံအသိုက်အဝန်းမျှော်မှန်း ချက် ၂၀၄၅ ကို (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြ၍ အတည်ပြု ထုတ်ပြန်သွားမည့် ကိစ္စရပ်များ၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်သို့ ဝင်ရောက်ခွင့်လျှောက်ထားမှုကိစ္စရပ်များ၊ အာဆီယံနှင့်ဆွေးနွေးဖက် ထူထောင်မှု ဆိုင်ရာ လျှောက်ထားမှုများ၊ တီမောလက်စ်တေနိုင်ငံ အာဆီယံအဖွဲ့ဝင်အဖြစ် လျှောက်ထားမှု ဆိုင်ရာကိစ္စရပ်များနှင့် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်ဆံရေး ဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

