အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်(၃-၉-၂၀၂၃ ရက်)

(၃-၉-၂၀၂၃ ရက်၊ ဂျကာတာ)

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည်  ၃-၉-၂၀၂၃ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ကျင်းပခဲ့သော အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ မြန်မာအဆင့်မြင့် အရာရှိကြီးကိုယ်စား ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် အင်ဒိုနီးရှားအဆင့်မြင့်အရာရှိကြီး H.E. Sidharto Reza Suryodipuro က အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေး မှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ ထို့အပြင် အစည်းအဝေးသို့ တီမောလက်စ်တေနိုင်ငံကိုယ်စားလှယ်အဖွဲ့မှ လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေး၌ အင်ဒိုနီးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက်ခဲ့သည့် ဦးစားပေးလုပ်ငန်းစဉ်များ၊ အာဆီယံ၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှု မြှင့်တင်ခြင်းဆိုင်ရာ အကြံပြုချက်များအပေါ် ပြန်လည်သုံးသပ်သည့် ကိစ္စရပ်များ၊ ၂၀၂၃ ခုနှစ်၊ အာဆီယံ ဆောင်ပုဒ်ဖြစ်သော “ဖွံ့ဖြိုးမှုဗဟိုချက်၊ အာဆီယံက အလေးထားဆောင်ရွက်” နှင့်အညီ ထုတ်ပြန်နိုင်ရေး ပြင်ဆင်ထားရှိသော အာဆီယံကြေညာချက်များ၊  အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (TAC) သို့ အာဆီယံပြင်ပနိုင်ငံများမှ ပါဝင်လက်မှတ်ရေးထိုးခြင်းဆိုင်ရာကိစ္စ၊ (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် ပြင်ဆင်ထားရှိမှုများနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် က  အာဆီယံမှ ပြင်ဆင်ဆောင်ရွက်လျက်ရှိသော ကြေညာချက်များနှင့် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များ၏ အစီရင်ခံစာများသည် အာဆီယံ ပဋိညာဉ်စာတမ်းပါ အခြေခံစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံ၏ ရပ်တည်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေး အစီအစဉ် အလိုက် ဘာသာရပ်ခေါင်းစဉ်ပေါ်တွင်လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။ 

မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် ၂-၉-၂၀၂၃ ရက်တွင် ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ  ကော်မတီအစည်းအဝေးသို့လည်း ပါဝင်တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။