(၉-၈-၂၀၂၃ ရက်၊ ဘာလီ)
အာဆီယံဆိုင်ရာ မြန်မာအဆင့်မြင့်အရာရှိကြီးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ၃၁-၇-၂၀၂၃ ရက်မှ ၅-၈-၂၀၂၃ ရက်အထိကျင်းပခဲ့သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေး၊ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၊ အာဆီယံအပေါင်းသုံးအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၊ (၁၃) ကြိမ်မြောက် အာဆီယံပင်လယ်ရေကြောင်းဖိုရမ်၊ (၁၁) ကြိမ်မြောက် အာဆီယံပင်လယ်ရေကြောင်းတိုးချဲ့ဖိုရမ်နှင့် ပင်လယ်ကမ်းရိုးတန်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရှေ့အာရှထိပ်သီးအစည်းအဝေး အလုပ်ရုံဆွေးနွေးပွဲတို့သို့ တက်ရောက်ခဲ့ပါသည်။
အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၌ ၂၀၂၃ ခုနှစ်အတွင်း အာဆီယံ၏ဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ခြင်းနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်လျက် ဖြစ်ပေါ်လေ့ရှိသော စိန်ခေါ်မှုများနှင့် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများအတွက် ဒေသတွင်းကြံ့ကြံ့ခံနိုင်စွမ်း ပိုမိုတိုးတက်ကောင်းမွန်စေရန် အာဆီယံဒေသတွင်းနှင့် ဒေသအလွန်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ထပ်လောင်းကတိပြုခဲ့ကြပါသည်။
အရှေ့အာရှထိပ်သီးအစည်းအဝေး၏ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၌ ၂၀၂၃ ခုနှစ် အတွင်း အရှေ့အာရှထိပ်သီးအစည်းအဝေးယန္တရားနှင့် အခြားအာဆီယံဦးဆောင်ဦးရွက်ပြုသည့် ယန္တရားများအကြား ပေါင်းစပ်ညှိနှိုင်းခြင်းအပါအဝင် အရှေ့အာရှထိပ်သီးအစည်းအဝေးယန္တရား၏ လုပ်ငန်းစဉ်များမြှင့်တင်ရန် ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးအတွင်း အရှေ့အာရှထိပ်သီးအစည်းအဝေးယန္တရား၏ အခြေခံပြဋ္ဌာန်းချက်များနှင့်အညီ ရှိရင်းစွဲဖြစ်သည့် မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ထုံးလုပ်နည်းများအပေါ်အခြေပြု၍ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
အာဆီယံအပေါင်းသုံးအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတွင် ဒေသတွင်းစိန်ခေါ်မှုများဖြစ်သည့် စားနပ်ရိက္ခာဖူလုံရေး၊ ဘဏ္ဍာရေးတည်ငြိမ်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု၊ စွမ်းအင်လုံခြုံရေး စသည်တို့အား အာဆီယံအပေါင်းသုံးယန္တရား၏ ရှိရင်းစွဲ ကောင်းမွန်သောလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်၍ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်နိုင်ရေး အကောင်အထည်ဖော်မည့် နည်းနာများနှင့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။
အာဆီယံဆိုင်ရာ မြန်မာအဆင့်မြင့်အရာရှိကြီး အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် အာဆီယံ၏အခြေခံမူများကို လေးစားလျက် မြန်မာနိုင်ငံ၏ ပွင့်လင်း၍ သိသာထင်ရှားသည့် ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒနှင့် ဆက်နွှယ်လျက် ဆွေးနွေးခဲ့ပြီး၊ အာဆီယံဦးဆောင်ဦးရွက်ပြုသည့် ယန္တရားများတွင် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဆောင်ရွက်ချက်များကို တစ်ပေါင်းတစ်စည်းတည်း ဖြစ်စေရန် ရည်ရွယ်လျက် မြန်မာနိုင်ငံအနေဖြင့် မိတ်ဖက်နိုင်ငံများနှင့် နီးကပ်စွာ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် အသင့်ရှိမှုများကို အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးမှုရှိရန် ဆောင်ရွက်လျက်ရှိကြောင်းကို အလေးပေးရှင်းလင်းပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။


