(၁၁-၅-၂၀၂၃ ရက်၊ လာဘွန်ဘာဂျိုး၊ အင်ဒိုနီးရှား)
ဂျကာတာမြို့မှ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၄၂)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်၍ ၈-၅-၂၀၂၃ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့နျူဆာတန်ကရာပြည်နယ်၊ လာဘွန်ဘာဂျိုးမြို့ အနီး Golo Mori Convention Hall ၌ ကျင်းပသည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် (၁၆) ကြိမ်မြောက် တီမောလက်စ်တေနိုင်ငံဆိုင်ရာ အာဆီယံပူးပေါင်း ညှိနှိုင်းရေးကောင်စီ လုပ်ငန်းအဖွဲ့အစည်းအဝေးများသို့ မြန်မာအဆင့်မြင့်အရာရှိကြီးကိုယ်စား ပါဝင်တက်ရောက်ခဲ့သည်။
အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၌ အင်ဒိုနီးရှားအဆင့်မြင့်အရာရှိကြီး H.E. Sidharto Reza Suryodipuro က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး မှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ ထို့အပြင် အစည်းအဝေးသို့ တီမောလက်စ်တေနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့မှ လေ့လာသူအဖြစ် ပါဝင် တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေး၌ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ၏ ဦးစားပေး အစီအစဉ်များ၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (TAC) သို့ အာဆီယံပြင်ပနိုင်ငံများမှ ပါဝင်လက်မှတ်ရေးထိုးလျှောက်ထားသည့် ကိစ္စရပ်များ၊ အာဆီယံပြင်ပဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ (၄၂) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် အဖွဲ့သည် ၇-၅-၂၀၂၃ ရက်တွင် ကျင်းပခဲ့သည့် အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များကော်မတီ အစည်းအဝေးသို့လည်း ပါဝင်တက် ရောက်ခဲ့ကြောင်း သိရှိရပါသည်။




