အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အထူးအစည်းအဝေး (၁/၂၀၂၆) သို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက် (၁၇-၇-၂၀၂၆ ရက်မှ ၂၁-၇-၂၀၂၆ ရက်အထိ၊ မနီလာ)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ၁၇-၇-၂၀၂၆ ရက် မှ ၂၁-၇-၂၀၂၆ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အထူးအစည်းအဝေး (၁/၂၀၂၆) သို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် AICHR ခေတ္တဥက္ကဋ္ဌ၊ ဂျော်ဂျီနာ အန် ဟာနန်ဒက် ယန်း က သဘာပတိအဖြစ် ဆောင်ရွက်၍ အာဆီယံနိုင်ငံများမှ AICHR ကိုယ်စားလှယ်များ/ခေတ္တကိုယ်စားလှယ်များ၊ AICHR ကိုယ်စားလှယ်များ၏ လက်ထောက်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် AICHR ကိုယ်စားလှယ်များသည် လူ့အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင်၊ မသန်စွမ်းသူများပါဝင်မှု၊ စီးပွားရေးနှင့် လူ့အခွင့်အရေး၊ ဒစ်ဂျစ်တယ်အသွင်ပြောင်းရေး၊ ပဋိပက္ခနှင့်ငြိမ်းချမ်းရေး၊ လူကုန်ကူးမှုကိစ္စ၊ အွန်လိုင်းလိမ်လည်မှုများ၊ အထူးသဖြင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ၊ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနှင့် ပညာသင်ကြားခွင့် စသည့်လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များနှင့် ဘာသာရပ်အလိုက် လေ့လာမှုဆိုင်ရာ ဦးစားပေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က AICHR ၏ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည့် ကတိကဝတ်ကို ထပ်လောင်း အတည်ပြုလိုပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံအစိုးရမှ ဆောင်ရွက်လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာ အသိုက်အဝန်းတို့နှင့် ပူးပေါင်း၍ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေမှုများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
အစည်းအဝေးကာလအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀-၇-၂၀၂၆ ရက်တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် AICHR ကိုယ်စားလှယ်များ၏ မျက်နှာစုံညီအစည်းအဝေးသို့လည်း တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ၂၀၂၇ ခုနှစ်အတွက် AICHR ၏ ဦးစားပေးလုပ်ငန်း အစီအစဉ်နှင့် ၂၀၂၆ ခုနှစ်အတွက် AICHR ၏ နှစ်စဉ်အစီရင်ခံစာတို့ကို တင်ပြခဲ့ကြပါသည်။
အလားတူ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀-၇-၂၀၂၆ ရက်တွင် ကျင်းပခဲ့သည့် အာဆီယံအတွင်းရေးမှူးချုပ်နှင့် AICHR တို့၏ (၁၅) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးသို့လည်း တက်ရောက်ခဲ့ပြီး အာဆီယံဒေသတွင်း လူ့အခွင့်အရေးတိုးတက်မြင့်မားစေရန် AICHR မှ လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။