အာဆီယံသံအမတ်ကြီးများဒေသန္တရခရီးသွားခြင်းအစီအစဉ်တွင် မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ပါဝင် (၁၆-၈-၂၀၂၆၊ ဝါရှင်တန်)

အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးသည် ဝါရှင်တန်မြို့အခြေစိုက် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှားနှင့် တီမောလက်စ်တေနိုင်ငံ သံအမတ်ကြီးများ၊ အခြားအာဆီယံသံရုံးများမှ ကိုယ်စားလှယ်များနှင့်အတူ အမေရိကန်-အာဆီယံစီးပွားရေးကောင်စီ (USABC) က စီစဉ်ဆောင်ရွက်သည့် ၉-၈-၂၀၂၆ ရက်မှ ၁၄-၈-၂၀၂၆ ရက်အထိ ၂၀၂၆ ခုနှစ် အာဆီယံသံအမတ်ကြီးများ ဒေသန္တရခရီးသွားခြင်းအစီအစဉ်တွင် ပါဝင်ခဲ့ပါသည်။
ခရီးစဉ်အတွင်း အာဆီယံကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်၊ ကလိဗ်လန်းမြို့တွင် Blockchain Council နှင့် Bitdeer ကုမ္ပဏီတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲများတွင် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု ဆန်းသစ်တီထွင်ခြင်း၊ အရှေ့တောင်အာရှဒေသ-အိုဟိုင်းယိုးပြည်နယ်တို့အကြား ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်ဆောင်ရွက်မှုများ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ အခွင့် အလမ်းများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ကိုယ်စားလှယ်အဖွဲ့သည် မင်နီဆိုးတားပြည်နယ်၊ မင်နီယာပိုလစ်မြို့တွင် 3M ကုမ္ပဏီနှင့် Solventum ကုမ္ပဏီတို့သို့ သွားရောက်လေ့လာခဲ့ပြီး ကုမ္ပဏီမှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အပြင် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးမှုများတွင် အရှေ့တောင်အာရှဒေသနှင့် မင်နီဆိုးတားပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းများနှင့် လှုပ်ရှားမှုများ၊ ဓာတ်အားလိုင်းနှင့် လမ်းပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဦးစားပေးကဏ္ဍများနှင့် တိုးတက်မှု စသည်တို့နှင့်စပ်လျဉ်း၍ အလားအလာများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အာဆီယံကိုယ်စားလှယ်အဖွဲ့သည် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် Netflix ကုမ္ပဏီ၊ Planet Labs ကုမ္ပဏီ နှင့် Atmo ကုမ္ပဏီတို့သို့ သွားရောက်လေ့လာ၍ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ Apple Park နှင့် National AI Center တို့သို့လည်း သွားရောက်လေ့လာခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုများတွင် အရှေ့တောင်အာရှဒေသတွင် ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ အွန်လိုင်းကို ဘေးကင်းလုံခြုံမှု ပိုမိုအားကောင်းစေရန် ဆန်းသစ်လာသည့် နည်းပညာများကို အသုံးချခြင်း၊ တာဝန်ယူမှုရှိသည့် ဉာဏ်ရည်တုနည်းပညာကို လက်ခံကျင့်သုံးမှု၊ မိုးလေဝသ ခန့်မှန်းချက်များတွင် ဉာဏ်ရည်တုနည်းပညာ အသုံးချမှုစသည်တို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါခရီးစဉ်မှတစ်ဆင့် အာဆီယံနိုင်ငံများနှင့် အမေရိကန်နိုင်ငံ၊ ပြည်နယ် (၃) ခုမှ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ကုမ္ပဏီများအကြား ထိတွေ့ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို ဖြစ်ပေါ်စေကာ ရှေ့ဆက်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းကောင်းများ ရရှိစေပါသည်။