အာဆီယံဝတ်စားဆင်ယင်မှုပြပွဲ (ASEAN Couture) သို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ ပါဝင်တက်ရောက် (၂၂-၅-၂၀၂၅ ရက်)

(၂၂-၅-၂၀၂၅ ရက်၊ ဝါရှင်တန်ဒီစီ)

အာဆီယံဝတ်စားဆင်ယင်မှုပြပွဲ – ဖက်ရှင်နှင့် အမွေအနှစ်တို့၏ ပေါင်းစပ်မှု (ASEAN Couture: A Tapestry of Style and Heritage) ကို ၂၂-၅-၂၀၂၅ ရက်၊ နံနက်ပိုင်းတွင် American University School of International Service ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ ပါဝင်ခဲ့ပြီး၊ သံရုံးယာယီ တာဝန်ခံ/သံအမတ် ဦးသက်ဝင်း၊ သံရုံးမှတာဝန်ရှိသူများနှင့် မိသားစုဝင်များ ပါဝင်တက်ရောက်ခဲ့ကြ ပါသည်။ အဆိုပါပြပွဲကို အာဆီယံအမျိုးသမီးအသင်း (ASEAN Spouses’ Circle – ASC) နှင့် အမေရိကန်တက္ကသိုလ် (American University – AU) တို့က ပူးတွဲကျင်းပခြင်းဖြစ်ပါသည်။

အဆိုပါဝတ်စားဆင်ယင်မှုပြပွဲ ဖွင့်ပွဲအခမ်းအနား၌ အာဆီယံအမျိုးသမီးအသင်းဥက္ကဋ္ဌ/ အမေရိကန်နိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး၏ဇနီး Mrs. Lui Soo Fen နှင့် အမေရိကန်တက္ကသိုလ်၊ နိုင်ငံခြားရေးမူဝါဒနှင့် ကမ္ဘာ့လုံခြုံရေးဌာန၏ဥက္ကဋ္ဌ သံအမတ်ကြီး (ငြိမ်း) H.E. Ms. Piper Campbell တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပါသည်။ 

အခမ်းအနားသို့ တက်ရောက်လာကြသူများအား အာဆီယံသံရုံးများက ရိုးရာဝတ်စုံဖက်ရှင် သရုပ်ပြမှု၊ ရိုးရာအကစသည့် အနုပညာတင်ဆက်မှုများဖြင့် ဖျော်ဖြေခြင်း၊ နိုင်ငံအလိုက် ရိုးရာဝတ်စုံ၊ အမျိုးသားဝတ်စုံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းတို့ ပြုလုပ်ခဲ့ပြီး၊ ရိုးရာစားသောက်ဖွယ်ရာ များဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော် များသည် အာဆီယံသံရုံးပြခန်းများ၌ ခင်းကျင်းပြသထားသည့် ရိုးရာဝတ်စုံများ၊ အဝတ်အထည်၊ အသုံးအဆောင်နှင့် ယဉ်ကျေးမှုဆိုင်ရာပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြ ပါသည်။

မြန်မာသံရုံးအနေဖြင့် မြန်မာ့ရိုးရာဝတ်စုံအချို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုခြင်းခံရသည့် မြန်မာ့ရိုးရာသင်္ကြန်ကို မိတ်ဆက်သောအားဖြင့် သင်္ကြန်ရိုးရာဖက်ရှင်ဝတ်စုံနှင့် ရိုးရာဓလေ့ကို မိတ်ဆက်တင်ဆက်ခဲ့ပါသည်။ ထို့ပြင် မြန်မာ့ရိုးရာ အဝတ်အထည်များ၊ မြန်မာပိုးနှင့် ချည်ထည်များ၊ ယွန်းထည်၊ ရွှေချည်ထိုးနှင့် အခြားမြန်မာ့ရိုးရာ လက်မှုပစ္စည်းများကိုလည်း ခင်းကျင်းပြသခဲ့ပြီး၊ ဧည့်သည်တော်များအား မြန်မာ့ ရိုးရာအချိုပွဲများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် ဇနီးများ၊ သံတမန်များ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အခြားအေဂျင်စီများမှ ဧည့်သည်တော် (၂၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။

***************************