(၂၉-၁၀-၂၀၂၅ရက်၊ ဝါရှင်တန်ဒီစီ)
ဝါရှင်တန်ဒီစီမြို့အခြေစိုက် အမေရိကန်နိုင်ငံဆိုင်ရာ အာဆီယံသံရုံးများသည် အာဆီယံ ယဉ်ကျေးမှုနေ့ (ASEAN Culture Day) အခမ်းအနားကို “Community in Celebration” ခေါင်းစဉ် ဖြင့် ၂၉-၁၀-၂၀၂၅ ရက်၊ ၁၀:၃၀ နာရီမှ ၁၃:၀၀ နာရီအထိ ဝါရှင်တန်ဒီစီရှိ မလေးရှားသံရုံး၌ ကျင်းပ ခဲ့ရာ ယင်းအခမ်းအနားသို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်၊ သံရုံးမှ တာဝန်ရှိသူများနှင့် သံရုံးမိသားစုဝင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားကို ဝါရှင်တန်ဒီစီမြို့ရှိ အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၏ဇနီးများ ဦးဆောင်ပြီး အာဆီယံသံရုံး အမျိုးသမီးများမှ အဖွဲ့ဝင်အဖြစ်ပါဝင်သည့် အာဆီယံအမျိုးသမီးအသင်း (ASEAN Spouses’ Circle) က ကြီးမှူးကျင်းပခြင်းဖြစ်ပါသည်။
အခမ်းအနား၌ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား အာဆီယံသံရုံးများက ၎င်းတို့၏ ရိုးရာဓလေ့၊ သီချင်းနှင့် အကများ၊ ရိုးရာဝတ်စုံ ဖက်ရှင်သရုပ်ပြမှုစသည့် အနုပညာ တင်ဆက်မှုများဖြင့် ဖျော်ဖြေခဲ့ပြီး၊ ရိုးရာစားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် အာဆီယံသံရုံးများက ခင်းကျင်းပြသ ထားသည့် ယဉ်ကျေးမှုပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
မြန်မာသံရုံးအနေဖြင့် မြန်မာနိုင်ငံ၌ သီတင်းကျွတ်မီးထွန်းပွဲတော် ကျင်းပဆင်နွှဲမှုကို ဖော်ကျူးသည့် ဗီဒီယိုကိုပြသကာ ဆီမီးခွက်အကဖြင့် ဖျော်ဖြေခဲ့ပြီး၊ မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာ များဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ ထို့ပြင် သီတင်းကျွတ်မီးထွန်းပွဲတော်ကာလအတွင်း မြန်မာနိုင်ငံရှိ ဒေသအသီးသီး၌ ကျင်းပသည့် ပွဲလမ်းသဘင်များ၊ လိုက်နာဆောင်ရွက်ကြသည့် အစဉ်အလာနှင့် အလေ့အထများကို ဖော်ညွှန်းသည့် ဓာတ်ပုံများ၊ ရောင်စုံမီးပုံးများနှင့် မြန်မာ့ရိုးရာလက်မှုပစ္စည်း များကို ခင်းကျင်းပြသခဲ့ပါသည်။
အခမ်းအနားသို့ သံအမတ်ကြီးများနှင့် ဇနီးများ၊ သံတမန်များ၊ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အခြားအေဂျင်စီများမှ တာဝန်ရှိသူများ အပါအဝင် ဧည့်သည်တော် (၃၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။
********************************

