အာဆီယံမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးမည့်ကိစ္စနှင့် ပတ်သက်သည့် Pledging Conference သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်

(၁၈-၈-၂၀၂၁ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၁၈-၈-၂၀၂၁ ရက်နေ့၊ ၁၂:၃၀ နာရီတွင်  Videoconference စနစ်ဖြင့် ကျင်းပသည့် အာဆီယံမှ မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးမည့်ကိစ္စနှင့်ပတ်သက်သည့် Pledging Conference သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ တက်ရောက်ခဲ့ပါသည်။

ယင်း “Pledging Conference” ကို အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi က အာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီဆိုင်ရာ ညှိနှိုင်းရေးမှူးအဖြစ် ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ဖြစ်သူ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Dato Erywan Pehin Yusof ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Prak Sokhonn၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး H.E. Retno Marsudi ၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Teodoro L. Locsin Jr. ၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး H.E. Vivian Balakrishnan ၊ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး H.E. Bui Thanh Son၊ လာအိုနိုင်ငံခြားရေးဒုတိယဝန်ကြီး H.E. Thongphane Savanphet နှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၌ အာဆီယံအတွင်းရေးမှူးချုပ်က အာဆီယံခေါင်းဆောင်များ၏ တူညီဆန္ဒ (၅) ချက်၏ စတုတ္ထမြောက်အချက်နှင့်အညီ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှု ဗဟိုဌာနမှတစ်ဆင့် မြန်မာနိုင်ငံသို့ အာဆီယံ၏ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အာဆီယံအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံ၌ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို အဆင့်ဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြော ကြားခဲ့ပါသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအတွက် အာဆီယံ၏ ပထမအဆင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများသည် ကိုဗစ်-၁၉ ကူးစက်ရောဂါအတွက် အရေးပေါ်လိုအပ်ချက်များအပေါ် အဓိကထားမည်ဖြစ်ပြီး ဒုတိယအဆင့်သည် ပိုမိုကျယ်ပြန့်သော လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များကို အလေးထားမည်ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

တက်ရောက်လာကြသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန်အတွက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ငွေကြေးနှင့် အထောက်အပံ့ပစ္စည်းများ လှူဒါန်းရန် ကတိကဝတ်ပြုရေးအတွက် ဆန္ဒရှိမှုကို ဖော်ပြခဲ့ကြပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi အား ယခု “Pledging Conference” ကျင်းပပြုလုပ်ပေးခဲ့ခြင်းအတွက်  ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာကြသူများကို မြန်မာနိုင်ငံသို့ လှူဒါန်းမှုများနှင့် ကတိကဝတ်များအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ ကူးစက်ရောဂါကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်ရန်အတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီကို တည်ထောင်ထားရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်တွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် လက်ရှိအခြေအနေတွင် ပြည်သူများအတွက် အမှန်တကယ် လိုအပ်လျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သည့် ဆောင်ရွက်ချက်များအားလုံးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော်လည်း ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းကူးစက်မှုနှင့် ကူးစက်မှု တိုးမြင့်နေမှုတို့ကို ထိန်းချုပ်ရန်အတွက် ဆေးဝါးများ၊ ဆေးပစ္စည်းများ၊ အထောက်အပံ့များနှင့် ဆက်စပ်ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဇူလိုင်လအတွင်း မိုးကြီးမှုများကြောင့် မြန်မာနိုင်ငံ အနိမ့်ပိုင်းဒေသအချို့၌ ရေကြီးမှုကို ဖြစ်စေခဲ့ပြီး နေရာဒေသအချို့မှ ပြည်သူများ ထိခိုက် နစ်နာမှုများ ဖြစ်ခဲ့ရပါကြောင်း၊ သို့ဖြစ်၍ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အထောက်အပံ့များ အရေးကြီးသကဲ့သို့ပင် ထိခိုက်နစ်နာသူများအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများဖြစ်သည့် အခြေခံလိုအပ်ချက်များ၊ အရေးပေါ်နားခိုရာတဲ၊ ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုများနှင့် လုံလောက်သော ဆေးဝါးအထောက်အပံ့များ လိုအပ်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးရလဒ်များသည် မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးတွင်သာမက ရေကြီးမှုတွင် ထိခိုက်နစ်နာသူများအတွက် လိုအပ်ချက်များအတွက်ပါ အကူအညီဖြစ်စေမည်ဖြစ်ကြောင်း‌ ပြောကြားခဲ့ပါသည်။ ထို့နောက်တွင် ပြည်ထောင်စုဝန်ကြီးက လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရေးအတွက် အကောင်အထည်ဖော်ဆောင်ခြင်းနှင့် ပို့ဆောင်ခြင်းလုပ်ငန်းများအတွက် မြန်မာနိုင်ငံအနေဖြင့် ပြင်ဆင်ထားရှိမှုများနှင့် အသင့်ရှိနေမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

အစည်းအဝေး၌ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ ဥရောပသမဂ္ဂနှင့် နယူးဇီလန်နိုင်ငံတို့မှ ငွေကြေးအထောက်အပံ့အားဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၀၀,၀၀၀၊ ဩစတြေးလျဒေါ်လာ ၅ သန်းနှင့် ယူရို ၃၇၀,၀၀၀ ကို လှူဒါန်းရန် ကတိပြုခဲ့ပါသည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ ပစ္စည်းအားဖြင့် ကူညီမည်ဖြစ်ပါကြောင်း ကတိကဝတ်ပြုခဲ့ကြပါသည်။ ငွေကြေးနှင့် ပစ္စည်းအထောက်အပံ့များအားလုံးကို အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှု ဗဟိုဌာနမှတစ်ဆင့် လှူဒါန်းသွားမည်ဖြစ်ပါသည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြပါသည်။