အာဆီယံမိသားစုပျော်ပွဲရွှင်ပွဲနှင့် အားကစားပွဲများသို့ ရောမမြို့၊ မြန်မာသံရုံးမိသားစုများ ပါဝင်ဆင်နွှဲခဲ့ခြင်း

(၉-၉-၂၀၁၉ ရက်၊ ရောမမြို့)

ရောမမြို့၊ အာဆီယံကော်မတီ (ASEAN Committee in Rome-ACR) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ဖိလစ်ပိုင်နိုင်ငံသံရုံးမှ ကြီးမှူး၍ အာဆီယံမိသားစုနေ့ (ASEAN Family Day) အခမ်းအနားကို ၇-၉-၂၀၁၉ ရက်တွင် ၁၀၀၀ နာရီမှ ၁၅၀၀ နာရီအထိ ရောမမြို့အနီး Martignano ရေကန်ဘေးရှိ Agriturismo II Castoro ယာခင်း၌ ကျင်းပခဲ့ရာ အီတလီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်နောင်နှင့် ဇနီးနှင့် သံရုံးမိသားစုများ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

အဆိုပါ ပျော်ပွဲရွှင်ပွဲကို ရောမမြို့တွင် ရုံးစိုက်သော အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်သံရုံး (၆) ရုံး စုပေါင်းကျင်းပခဲ့ကြခြင်းဖြစ်ပြီး အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် မိသားစုများ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာသူများအား ရိုးရာအစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ မြန်မာသံရုံးအနေဖြင့် မြန်မာ့ရိုးရာရွှေတောင် ခေါက်ဆွဲနှင့် သာကူပြင်တို့ဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။